DVB Logo
Home
မြန်မာသတင်း
မကွေးနှင့် စစ်ကိုင်းတွင် စစ်ရှောင်ဒေသခံများ အကူအညီလိုအပ်
DVB
·
June 17, 2025
မကွေးနှင့် စစ်ကိုင်းတွင် စစ်ရှောင်ဒေသခံများ အကူအညီလိုအပ်
Donate to DVB

မကွေးနဲ့ စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေ စစ်ရှောင်နေရပြီး နေစရာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်ရဲ့  ပခုက္ကူ တပ်မ ၁၀၁ က စစ်ကား ၆ စီးနဲ့ အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်က ဇွန်လ အစောပိုင်းကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ၂ ပတ်ကျော်ကြာ ရှောင်တိမ်းနေရတဲ့ စစ်ဘေးရှောင်တွေဟာ နေစရာအမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားစာနာဌာန တာဝန်ခံက “စစ်(--)ကား ၆ စီးနဲ့ အင်အား ၂၀၀ နီးပါးပါတဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့လကုန်ပိုင်းက ပေါက်မြို့နယ်ထဲ ရောက်လာပြီးတော့ ပခုက္ကူ-ပေါက် လမ်းဘေးတလျှောက်က ရွာ ၃၀ နီးပါးကို စစ်ကြောင်းထိုးလို့ အဲဒီကျေးရွာတွေက ပြည်သူ ၂၀,၀၀၀ နီးပါးက ဘေးလွတ်ရာနေရာတွေမှာ စစ်ဘေးရှောင်နေကြတာ လဝက်ကျော်လာပြီ။ သူတို့တွေ စစ်ဘေးရှောင်ရတဲ့ရက် ရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ နေ့တိုင်းလောက်နီးပါး မိုးရွာသွန်းနေလို့လည်း အမိုးအကာတွေ အရေးပေါ် လိုအပ်နေတာပါ” လို့ ပြောပါတယ်။

ပေါက်မြို့နယ်ထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ထွက်ပြေးနေကြရတဲ့ ကျေးရွာ ၃၀ နီးပါးရှိပြီး ဇွန် ၁၇ ရက်မှာ ပေါက်-ပခုက္ကူ ကားလမ်းမှာ ယာဉ်တန်းနဲ့အတူ အင်အားအများအပြား ရှိနေသေးတဲ့အတွက် စစ်ဘေးရှောင်တွေဟာ နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဇွန် ၁၁ ရက်ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အတွက် ကျေးရွာ ၈ ရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။

စစ်ရှောင်တွေဟာ ရုတ်တရက် ထွက်ခွာလာရတာနဲ့ နေ့စဥ် မိုးရွာသွန်းနေတဲ့အတွက် စားသောက်နေထိုင်ရေး အခက်အခဲတွေ ရှိနေပြီး စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်အရေး ကူညီနေသူတယောက်က “ဇွန်လ ၁၁ ရက်နေ့ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်နေတာ ဒီကနေ့ဆိုရင် ၆ ရက်မြောက်ရှိပြီ။ ကျနော်တို့ ၅ ရက်တိတိ ခုခံကာကွယ် တိုက်ခိုက်နေတယ်။ တပ်မမှူးပါတဲ့ အင်အား ၁၅၀၊ ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်းကို ကျနော်တို့ ရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စုပေါင်းပြီး ခုခံကာကွယ် တိုက်ခိုက်နေကြတာ။ လက်ရှိမှာ အပြစ်မဲ့ပြည်သူ ၄ ဦးကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ထားတယ်” လို့ ပြောပါတယ်။

မကွေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို စစ်ကောင်စီတပ်က ဇွန်လအတွင်းမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တာတွေ ပိုမိုပြုလုပ်လာနေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေတဲ့အတွက် သတိနဲ့ နေထိုင်သွားလာကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013