
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဒါးဒေါက်ကျေးရွာမှာ အင်အား ၅၀ လောက်ပါ စစ်ကောင်စီစစ်ကြောင်းကို ဇွန် ၁၅ ရက် မနက် ၈ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
သတင်းကြိုရတဲ့အတွက် စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ် ၃၀ လောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေး ရဲဘော်တယောက်က ပြောပါတယ်။
“ကျနော်တို့ဘက်က အရင်စပစ်တာပါ။ လက်နက်ငယ်၊ 40 mm၊ 60 mm၊ ဒရုန်းတွေ တိုက်ပွဲမှာ သုံးခဲ့တယ်။ ရန်သူဘက်ကလည်း လက်နက်ငယ်၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပြန်တိုက်ခိုက်တယ်၊ ကျနော်တို့ ပူးပေါင်းအဖွဲ့က ထိခိုက်မှုမရှိပါဘူး။ မြေပြင်သတင်းတွေအရ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးတယ်၊ ၂ ဦးထိခိုက်မှု ရှိတယ်လို့ သိရတယ်။”
တိုက်ပွဲကြောင့် ရွာသူရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒါးဒေါက်ကျေးရွာမှ အမျိုးသမီးတယောက်က ပြောပါတယ်။
“လက်နက်ကြီးသံတွေကြားတော့ ပြေးကြရတာပဲ၊ ရွာလုံးကျွတ်ပြေးတာတော့ မဟုတ်ဘူး၊ တချို့က ကျန်ခဲ့တယ်၊ တချို့ကလည်း ကြောက်လန့်ပြီး ပြေးကြတာ။ ခုမနက်တော့ ဘာသံမှ မကြားတော့ ပြန်လာကုန်ကြတယ်၊ အနည်းငယ်လောက်ပဲ ရှိတော့တယ်။”
အဆိုပါတိုက်ပွဲကို တောင်ငူခရိုင်တပ်ရင်း တပ်ရင်း ၃၅၀၂၊ တပ်ရင်း ၃၅၀၁ တပ်ခွဲ ၂ နဲ့ ယောနသံဒရုန်းတို့ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။