ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်စပ်က မိုးဗြဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး လွိုင်ကော်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်စုမှူးတယောက် ဇွန် ၁၆ ရက်မှာ ကျဆုံးသွားပါတယ်။
အသက် ၂၇ နှစ်အရွယ် ရဲဘော် ကျော်ထက် (ခ) ထက်ကြီးဟာ Loikaw Local PDF Alpha 2 တပ်ရင်းရဲ့ တပ်စုမှူးဖြစ်ပြီး ရှေ့တန်းတိုက်ပွဲတွေမှာ ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
တပ်ရင်း တာဝန်ရှိသူက “သူက မိုးဗြဲတိုက်ပွဲ ဆီဆိုင်တိုက်ပွဲနဲ့ တခြား တိုက်ပွဲပေါင်းများစွာကို ပါဝင်တိုက်ခိုက်ခဲ့တာ ၂ နှစ်လောက်ရှိပြီ။ မိုးဗြဲမှာ ပွဲပြင်းနေတာ သူတို့ဘက်ကလည်း အထိနာတော့ ကျနော်တို့ဘက်ကိုလည်း သူတို့ပြန်ဖိတာမျိုး” လို့ ပြောပါတယ်။
မိုးဗြဲကို ပြန်ရနိုင်ဖို့ စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလလောက်ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် ခုလက်ရှိအချိန်အထိ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။
ထိတွေ့တိုက်ပွဲတွေမှာ နှစ်ဖက် အထိအခိုက် အကျအဆုံး ရှိနေပြီး အရေအတွက် အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး ပြည်သူ့နေအိမ်တွေကိုလည်း မီးလောင်ဗုံးနဲ့ မီးရှို့ဖျက်ဆီးတာတွေ ရှိနေတာပါ။
မိုးဗြဲက အခုလက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေတာကြောင့် မိုးဗြဲလမ်းမကြီးကို အသုံးပြုပြီး သွားလာခြင်း မလုပ်ကြသေးဖို့ကို တော်လှန်ရေးအဖွဲ့တွေက ဇွန် ၇ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။