DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က လမ်းကြောင်းပိတ်ဆို့ထားသဖြင့် ဒီးမော့ဆိုတွင် စက်သုံးဆီ ဈေးတက်
DVB
·
June 16, 2025
စစ်ကောင်စီတပ်က လမ်းကြောင်းပိတ်ဆို့ထားသဖြင့် ဒီးမော့ဆိုတွင် စက်သုံးဆီ ဈေးတက်
Donate to DVB

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီက လမ်းကြောင်းပိတ်ဆို့တာတွေကြောင့် စက်သုံးဆီ ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၉ ရက်လောက်စလို့ ဓာတ်ဆီဈေး တလီတာကို  ကျပ် ၄၅၀၀ ကနေ အခု ကျပ် ၆၅၀၀ အထိ မြင့်တက်သွားပြီး ဆီကားတွေ မဝင်တာ တပတ်လောက်ရှိပြီလို့ သိရပါတယ်။

ဈေးဆိုင်ရောင်းသူတယောက်က “လမ်းပိတ်တာက ကြာပြီရော။ ဆီက တလီတာ ၆၀၀၀၊ တပီပါဆို ၁၁ သိန်း ဖြစ်သွားပြီ။ တောင်ငူရော၊ လွိုင်ကော်ရော ဘယ်ကနေမှ အဝင်မခံဘူး။ အရင်က မြို့ပေါ်ကနေ ရွာထဲက အိမ်တအိမ်မှာ ပစ္စည်းစုထားပြီးမှ ဖြည်းဖြည်းစီသယ်ထုတ်ရတာ။ အခုက အဲဒီအိမ်တွေပါ ဝင်ဖမ်းနေတာ။ အရပ်ဝတ်နဲ့ လျှောက်ပတ်နေတာနဲ့” လို့ ပြောပါတယ်။

တောင်ငူ-ဒီးမော့ဆို လမ်းပိတ်ထားတာ တလကျော်ကြာပြီဖြစ်ပြီး လွိုင်ကော်ဘက်ကနေလည်း စစ်ကောင်စီက လမ်းပိတ်ထားတာတွေကြောင့် အခုလို စျေးတက်လာတာလို့ ဆိုပါတယ်။

ဓာတ်ဆီဈေးတလီတာကို ကျပ် ၄၅၀၀ ကျပ်ကနေ ၆၀၀၀ ကျော်၊ ဒီဇယ်တလီတာကို ကျပ် ၆၅၀၀ ကနေ ၇၅၀၀၊ ၈၀၀၀ အထိ မြင့်တက်လာပြီး ဒီဇယ်က ပြတ်လပ်လာပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ဆီဈေးအပြင် ကြက်ဥ၊ ငါးသေတ္တာတွေနဲ့ ဘိလပ်မြေလည်း ဈေးတက်လာပြီး ဂျုံဆိုရင် ပြတ်လပ်တဲ့ အနေအထားရှိနေတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီမြို့နယ်အသီးသီးက ဒေသခံတွေနဲ့ ရှမ်းပြည်တောင်ပိုင်းက ဒေသခံတွေလည်း စစ်ဘေးရှောင် နေထိုင်ကြတာကြောင့် လူဦးရေ တသိန်းကျော်အထိရှိပြီး ကုန်ဈေးနှုန်းမြင့်တက်လာလို့ စစ်ဘေးရှောင်နေရသူတွေအတွက် ပိုအခက်အခဲကြုံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013