
မိုးသည်းထန်ပြီး ရေကြီးရေလျှံဖြစ်နေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင် စစ်ကြောင်းနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၁ ရက်က တောင်မော်ဦး(ကြီး) ရေတပ်စခန်းအနီးက အဝတောင်ရွာစခန်းကနေ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းတကြောင်းဟာ AA ထိန်းချုပ်တဲ့နေရာတွေကို စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်နေတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“တိုက်ပွဲမဖြစ်တာ ၂ ပတ်ကျော်လောက်ရှိပြီ၊ မနေ့ကမှ စစ်ကြောင်းထိုးလာလို့ ပြန်ဖြစ်တာ။ ဒီနေ့အထိ ဖြစ်နေတုန်းပါ။”
တောင်မော်ဦး စစ်မျက်နှာမှာ အကျအဆုံးများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စစ်အာဏာရှင်တပ်ဟာ သီတင်း ၂ ပတ်ကျော် တိုက်ပွဲရပ်နားပြီး မြေပြင်မှာ အင်အားတွေ ထပ်မံဖြည့်တင်းကာ AA တပ်တွေကို မိုးသည်းထန်စွာ ရွာနေတဲ့ကြားက ပြန်ထိုးစစ်ဆင်နေတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“ရခိုင်မှာ မိုးကြီးပြီး ရေလျှံတာတွေ ဖြစ်နေတဲ့အချိန်မှာ စစ်ကောင်စီဘက်က ရမလားဆိုပြီး AA ထိန်းချုပ်တဲ့ နေရာတွေထိ ထိုးစစ်တက်လာတာ။ AA ဘက်ကလည်း ဘယ်အဝင်ခံပါ့မလဲ၊ ဆက်ပြီး ရှေ့မတိုးနိုင်အောင် ကာကွယ်ပြီး တိုက်တာပေါ့။”
စစ်အာဏာရှင်တပ်က အဝတောင်ရွာစခန်းကနေပြီး စနဲဘက်ကို ထိုးစစ်ဆင်လာကာ အာရက္ခတပ်တော်နဲ့ ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေပြီး နှစ်ဖက်တပ်တွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။










