
ဒိုမီနီကန်သမ္မတနိုင်ငံ မြို့တော် ဆန်တိုဒိုမင်ဂိုမှာ ဧပြီလတုန်းက လူပေါင်း ၂၃၆ ယောက် သေဆုံးပြီး ၁၈၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ခေါင်မိုးပြိုကျမှုနဲ့ပတ်သက်ပြီး Jet Set နိုက်ကလပ်ပိုင်ရှင် အန်တိုနီယို အက်စ်ပိုက်လတ်နဲ့ သူ့ညီမ မာရီဘဲလ် အက်စ်ပိုက်လတ်တို့ကို ဖမ်းဆီးလိုက်ကြောင်း ဒိုမီနီကန် သမ္မတနိုင်ငံ ပြည်သူ့အစိုးရရှေ့နေရုံးက ဇွန် ၁၂ ရက်မှာ ကြေညာပါတယ်။
ဧပြီ ၈ ရက်က ဖြစ်ပွားခဲ့တဲ့ ကြေကွဲဖွယ်အဖြစ်ဆိုးမှာ သေဆုံးခဲ့ရတဲ့သူတွေအထဲမှာ ဖျော်ဖြေပွဲ လုပ်နေတဲ့ နာမည်ကြီး ဒိုမီနီကန်အဆိုတော် ရဘ်ဘီပီရက်ဇ်လည်း အမိုးပြိုကျတဲ့အထဲ ပါဝင် သွားခဲ့ပြီး အာဏာပိုင်တွေက နိုက်ကလပ်ရဲ့အမိုးကို ပြုပြင်ထိန်းသိမ်းမှု အပိုင်းမှာ ပေါ့ဆမှု ရှိကြောင်း စွပ်စွဲခဲ့ပါတယ်။
အဲဒီဖျော်ဖြေပွဲကို နိုင်ငံရေးသမားတွေနဲ့ အားကစားသမားတွေအပါအဝင် ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေလည်း လာရောက်ခဲ့ကြပြီး သန်းခေါင်ကျော်ပြီးချိန်လေးမှာပဲ ဆိုးရွားတဲ့ အခြေအနေ ကို ကြုံခဲ့ရတာ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ရှေ့နေချုပ်ရုံးမှာ စစ်ဆေးမေးမြန်းမှုကို Jet Set နိုက်ကလပ်ပိုင်ရှင် အန်တိုနီယို အက်စ်ပိုက်လတ် က သူ့ရှေ့နေ မစ်ဂွဲလ် ဗလယ်ရီယိုနဲ့အတူ တက်ရောက်ခဲ့ပါတယ်။
ရှေ့နေ မစ်ဂွဲလ် ဗလယ်ရီယိုက “ဒီအမှုက ပေါ့ဆမှု ဖြစ်ပေမဲ့ ရာဇ၀တ်မှုကို ကျူးလွန်လိုက်သလိုမျိုး ဆက်ဆံခံနေရတယ်။ အဆိုးဆုံးကတော့ YouTube သမားတွေနဲ့ ရှေ့နေတွေက ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြောနေကြတာကို တွေ့ရပြီးတော့ Jet Set လုပ်ငန်းကို ၅၂ နှစ်ကြာ လည်ပတ်ခဲ့တဲ့ အက်စ်ပိုက်လတ် မိသားစုက ဒီလိုအဖြစ်မျိုး လုံးဝ မဖြစ်စေချင်ပါဘူး”လို့ ပြောပါတယ်။
နာရီအတော်ကြာပြီးနောက်မှာ သူ့အတွက် ဖမ်းဆီးမိန့်ထုတ်ခဲ့ပြီး အမျိုးသားရဲတပ်ဖွဲ့ အေးဂျင့် တွေက သူ့ကို ဆန်တိုဒိုမင်ဂိုမြို့တော်ရှိ ဆီအူဒက်နွေဗာ အပိုင်နယ်မြေရှိ ကြိုတင်ထိန်းသိမ်းရေး အကျဉ်းထောင်ကို လွှဲပြောင်းပေးခဲ့ပါတယ်။
Jet Set အမှုနဲ့ပတ်သက်တဲ့ လက်ရှိတရားစီရင်ရေးလုပ်ငန်းစဉ်မှာ ကြိုတင်ကာကွယ်မှုတွေနဲ့ ပတ်သက်ပြီး တရားသူကြီးရဲ့အဆုံးအဖြတ်ကို ဆိုင်းငံ့ထားပြီး သူ့ကို ထိန်းသိမ်းထားဦးမှာ ဖြစ်ပါတယ်။
Source:Reuters