DVB Logo
Home
နိုင်ငံတကာ
ပြည်သူ့ဆန္ဒအရ ရွှေနှင့်ကြေးနီ စီမံကိန်းအားလုံး ရပ်ဆိုင်းရန် ဒိုမီနီကန်သမ္မတ အမိန့်ထုတ်
DVB
·
May 6, 2026
Photo: REUTERS/Erika Santelices
Photo: REUTERS/Erika Santelices
Donate to DVB

ဒိုမီနီကန်သမ္မတနိုင်ငံမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် လူပေါင်းထောင်ချီ ဆန္ဒပြခဲ့ကြပြီးနောက် GoldQuest (ဂိုးလ်ဒ် ကွက်စ်ထ်) သတ္တုတူးဖော်ရေးကုမ္ပဏီရဲ့ ရွှေနဲ့ ကြေးနီ စီမံကိန်းနဲ့ ဆက်စပ်သမျှ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းဖို့ ဒိုမီနီကန်သမ္မတ လူးဝစ် အဘီနာဒါက မေလ ၄ ရက်မှာ အမိန့်ထုတ် ညွှန်ကြားလိုက်ပါတယ်။ 

ဒီဆုံးဖြတ်ချက်ဟာ ဥပဒေအမှတ် ၆၄ နဲ့ သူ့ရဲ့စည်းမျဉ်းတွေအရ၊ ပြည်သူအများစုက အလွန်အမင်း ပြင်းပြင်းထန်ထန် ငြင်းပယ်နေတဲ့ ဒီလိုစီမံကိန်းမျိုးကို ရှေ့ဆက်လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်ကို ထင်ဟပ်နေပါတယ်လို့ သမ္မတ အဘီနာဒါက ပြောပါတယ်။  

ဆန် ဟွမ်ဒယ်လာ မဂွါနာပြည်နယ် အထက်လွှတ်တော်အမတ် ဖဲလစ်ခ်စ် ဘောင်တစ္စ်တာ ကလည်း  ဂိုးလ်ဒ် ကွက်စ်ထ် ကုမ္ပဏီကို အလယ်ပိုင်း တောင်တန်းဒေသထဲမှာ စူးစမ်းရှာဖွေရေး ခွင့်ပြုချက် ၁၅ ခု ပေးထားခဲ့ပြီး အဲဒီဒေသဟာ နိုင်ငံရဲ့မြောက်ပိုင်းနဲ့ တောင်ပိုင်းအတွက် အဓိက ရေအရင်းအမြစ်ဒေသ ဖြစ်တာကြောင့် ရေရရှိနေစေချင်ရင် အဲဒီဒေသကို ကာကွယ်ထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်လို့ ပြောဆိုပါတယ်။ 

ဂိုးလ်ဒ် ကွက်စ်ထ် ကုမ္ပဏီဟာ လောဘဇောနဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေပြီး သတ္တုတွင်းမိုင်းတခုကို ထုတ်ယူချင်နေတာကြောင့် ဆန်ဟွမ်ချိုင့်ဝှမ်း၊ အန်ရစ်ကွီလ်ယို ဒေသနဲ့ ချိုင့်ဝှမ်းဒေသတခုလုံးရှိ ဒေသတွင်း ရေလှောင်တမံတွေနဲ့ စိုက်ပျိုးရေး ချိုင့်ဝှမ်းတွေကို ထိခိုက်စေနိုင်တယ်လို့ ပြောဆိုပါတယ်။ ဆန်ဂျွန်ဒေသဟာ သတ္တုတွင်းနယ်မြေ မဟုတ်ဘဲ စွမ်းအင်ဆိုင်ရာ အချက်အချာဒေသသာ ဖြစ်သင့်တယ်လို့လည်း ဆိုပါတယ်။  

စီမံကိန်းပိုင်ရှင်ဖြစ်တဲ့ ကနေဒါကုမ္ပဏီ GoldQuest ရဲ့ ဥက္ကဋ္ဌ လူးဝစ် ဆန်တာနာ ပီရီရာ ကတော့ သူတို့ဟာ ၂၀၀၅ ခုနှစ်ကတည်းက ရှာဖွေခွင့်ရခဲ့တာဖြစ်ပြီး ၁၀ နှစ်ကြာ သိပ္ပံနည်းကျ လေ့လာမှုတွေ လုပ်ခဲ့တယ်လို့ တုံ့ပြန်ပါတယ်။ 

၂၀၁၆ ခုနှစ်မှာ ရွှေအောင်စပေါင်း ၁.၁ သန်း၊ ကြေးနီနဲ့ ငွေကို ထုတ်ယူနိုင်မယ့် စီမံကိန်းကို ဒိုမီနီကန် အစိုးရဆီ တင်သွင်းခဲ့ပါတယ်။ ဒီသတ္တုတွေကို မြေအောက်တူးဖော်မှု နည်းလမ်းကို သုံးစွဲပြီး သတ္တုရှိတဲ့နေရာကိုပဲ ရွေးချယ်တူးဖော်ကာ မျက်နှာပြင်ကို ထုတ်ယူလာပြီးတော့ ဓာတုပစ္စည်း မသုံးဘဲ သဘာဝ ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းနဲ့ ပြုပြင်မယ်ဆိုတာကို ပြသခဲ့ပါတယ်လို့ ပြောပါတယ်။ 

“ဓာတုပစ္စည်း လုံးဝ မသုံးဘဲ ရုပ်ပိုင်းဆိုင်ရာ နည်းလမ်း ဖြစ်တဲ့ ကြိတ်ခွဲခြင်းနဲ့ လေပူဖောင်းသုံး သတ္တုခွဲထုတ်ခြင်းစနစ်ကိုသာ သုံးမှာပါ။ သတ္တုထုတ်ပြီးသား ကျောက်မှုန့်တွေကို ဘိလပ်မြေနဲ့ရောပြီး တူးခဲ့တဲ့ မြေအောက်ကျင်းတွေထဲ ပြန်ဖြည့်သွင်းမယ့် စနစ်ကို သုံးမှာဖြစ်လို့ ထိခိုက်မှုနည်းမယ်။” 

ဒေါ်လာ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ ဒီစီမံကိန်းဟာ နိုင်ငံအတွက် ဒေါ်လာ ၁ ဘီလီယံလောက် ဝင်ငွေရနိုင်ပြီး ဆင်းရဲမွဲတေမှု မြင့်မားတဲ့ ဒီဒေသအတွက် ဖွံ့ဖြိုးရေး အခွင့်အလမ်း ဖြစ်တယ်လို့ ထောက်ခံသူတွေက ယူဆကြပါတယ်။ 

ဒါပေမဲ့ လက်ရှိမှာတော့ သမ္မတရဲ့ အမိန့်ကြောင့် လုပ်ငန်းစဉ်အားလုံး တန့်သွားခဲ့ရပြီး ဒီအငြင်းပွားမှုကတော့ ဒိုမီနီကန်နိုင်ငံမှာ သတ္တုတူးဖော်ရေးရင်းနှီးမြှုပ်နှံမှုနဲ့ ရေသယံဇာတ၊ မြေယာအသုံးချမှု၊ ပတ်ဝန်းကျင်ကာကွယ်ရေးအကြားရှိ ပိုမိုကျယ်ပြန့်တဲ့ တင်းမာမှုကို ပြသနေပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013