
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ ရွှေတူးဖော်ရာ နေရာ ၃ ခုကို ဇူလိုင် ၆ ရက် မနက် ၁၁ နာရီကျော်မှာ လေကြောင်းကနေ စစ်အာဏာရှင်တပ်က ဗုံးကြဲခဲ့လို့ အမျိုးသမီး တယောက် သေဆုံးပြီး တခြားသူ ၈ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သငါရွာအနီး ရွှေတူးဖော်ရာနေရာ၊ ကယားအနီး ရွှေတူးဖော်ရာနေရာနဲ့ ဖရုံချောင်းရွာအနီး ရွှေတူးဖော်ရာ နေရာတွေကို ဗုံးကြဲတိုက်ခိုက်သွားတာလို့ သိရပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ အကြောင်းမဲ့ လာတိုက်ခိုက်တာ။ ဗုံးလည်းကြဲတယ်။ စက်သေနတ်နဲ့လည်း ပစ်တယ်။ Rocket နဲ့လည်း ထုတယ်။ အထိအခိုက်ကတော့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်”လို့ ပြောပါတယ်။
ရွှေတူးဖော်လုပ်ကွက် ၃ နေရာကို စစ်တပ်က ဟုမ္မလင်း လေယာဉ်ကွင်းကနေ ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲတိုက်တာလို့လည်း သိရပါတယ်။
တော်လှန်ရေး ရဲဘော်တယောက်က “တိုက်လေယာဉ် ၂ စင်းနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးပတ်ကြဲ တိုက်ခိုက်ခဲ့တာ။ သငါရွှေမော်ကို Rocket ဒုံးကျည် ၁၅ လုံး၊ ကယားရွှေမော်ကို ဗုံးသီး ၂ လုံးနဲ့ ဖရုံချောင်းရွှေမော်ကို ဗုံး ၂ လုံး ကြဲချပစ်ခတ်ခဲ့တာ။ စက်လက်နက်နဲ့လည်း ပစ်တယ်ဗျ။ လူအထိအခိုက်ကတော့ ၁ ယောက်သေပြီး ၈ ဦး ဒဏ်ရာရသလို ရွှေမျောဖောင်တွေလည်း ပျက်စီးတာတွေလည်းရှိတယ်”လို့ ပြောပါတယ်။
အဆိုပါ ရွှေတူးဖော်ရေးလုပ်ကွက်တွေဟာ NUG ထိန်းချုပ်နယ်မြေအတွင်းမှာ တည်ရှိတာလည်း ဖြစ်တယ်လို့ သိရပါတယ်။










