
ဒိုမီနီကန်အာဏာပိုင်တွေဟာ ပေဒယ်နားလိစ်ပြည်နယ်ကမ်းရိုးတန်းမှာ မြန်နှုန်းမြင့် လှေတစင်းကို လိုက်ဖမ်းအပြီး ကိုကင်းလို့ သံသယရှိတဲ့ အထုပ် ၁၆၇၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒိုမီနီကန်သမ္မတနိုင်ငံရဲ့ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ညွှန်ကြားရေးမှူးရုံး (DNCD)က ပြောပါတယ်။
မြန်နှုန်းမြင့်လှေတစင်းက ဒိုမီနီကန်နယ်မြေဆီ ချဉ်းကပ်လာနေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေ ရပြီးတဲ့နောက် အာဏာပိုင်တွေက စစ်ဆင်ရေးကို စတင်ခဲ့တာပါ။
နောက်ပိုင်းမှာတော့ လောင်စာဆီကွန်တိန်နာတွေနဲ့အတူ ၃၂ ပေ ရှည်တဲ့ သင်္ဘောတစင်းအတွင်း မူးယစ်ဆေးဝါးလို့ သံသယရှိတဲ့ အထုပ် ၅၇ ထုပ်ကို တွေ့ခဲ့တယ်လို့ DNCDရဲ့ ပြောရေး ဆိုခွင့်ရှိသူ ကားလို့စ် ဒီဗာစ်က ပြောပါတယ်။
လေတပ်က တပ်ဖွဲ့တွေဟာ အချိန်နဲ့ တပြေးညီ ခြေရာခံပြီး ကြားဖြတ် တားဆီးနိုင်ဖို့ ကင်းထောက်တာတွေနဲ့ စောင့်ကြည့်တာတွေ လုပ်ခဲ့တယ်လို့ ဒိုမီနီကန်လေတပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး ဟွမ် မီဂဲလ် မွန်တီလာက ပြောပါတယ်။
သံသယရှိသူတွေဟာ ထရူဒီးလ် ဧရိယာက ပါလာယာ ဘလန်ကာမြို့နားမှာ လှေကို စွန့်ခွာခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ နောက်ထပ် အချက်အလက်တွေအရ သိရပါတယ်။
သူတို့က လုံခြုံရေးတပ်ဖွဲ့တွေကို နှောင့်ယှက်ပြီး ဂျာဂွါရာ အမျိုးသားဥယျာဉ်ရဲ့ သစ်တောဧရိယာတခုဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့လည်း သတင်းပို့ ခဲ့ပါတယ်။
စစ်ဆင်ရေးမှာ ရေတပ်၊ လေတပ်၊ ကြည်းတပ်၊ ပြည်နယ်ထောက်လှမ်းရေးအေဂျင်စီတွေ၊ အစိုးရရှေ့နေရုံးတွေနဲ့ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အုပ်ချုပ်ရေးအဖွဲ့တို့က ပံ့ပိုးပါဝင်ခဲ့တယ်လို့ DNCDက ဆိုထားပါတယ်။
Source: Reuters











