DVB Logo
Home
မြန်မာသတင်း
အလုပ်သမား သောင်းနှင့်ချီ ပြည်ပထွက်မရဘဲ လစဉ်အကြွေးများ ဆပ်နေရ  
DVB
·
June 14, 2025
အလုပ်သမား သောင်းနှင့်ချီ ပြည်ပထွက်မရဘဲ လစဉ်အကြွေးများ ဆပ်နေရ  
Donate to DVB

ပြည်ပထွက်ဖို့ အလုပ်ခေါ်စာကျပြီး အဆင်သင့်ဖြစ်နေသူတွေကို စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ကန့်သတ်တာတွေကြောင့် ပြည်ပထွက်ခွင့်မရဘဲ ငွေကြေးဆုံးရှုံးကာ အကြွေးတွေ ငွေတိုးနဲ့ ဆပ်နေရတယ်လို့ အလုပ်သွားရောက်လုပ်မယ့်သူတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင် သက်သေခံ ကတ်ပြား OWIC ကတ်ကို အကန့်အသတ်နဲ့သာ ထုတ်ပေးတာ၊ စစ်မှုထမ်းဖို့ အသက် အကျုံးဝင်နေတဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပ အလုပ်ထွက်လုပ်ဖို့ ခွင့်မပြုတာ စတာတွေကြောင့် အလုပ်သမား သောင်းနဲ့ချီ ပြည်တွင်းမှာ ထွက်ခွာမရ ဖြစ်နေပါတယ်။

အလုပ်သမားအများစုက ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို ငွေကြိုပေးသွင်းထားပြီး စာချုပ်တွေ ချုပ်ဆိုထားကာ၊ ပြည်ပထွက်ဖို့ အဆင်သင့်ဖြစ်နေသူတွေကို နည်းလမ်းမျိုးစုံနဲ့ ကန့်သတ်တာကြောင့် ပြည်ပထွက်ခွင့်မရဘဲ ငွေကြေးဆုံးရှုံးတာ၊ ငွေတိုး အကြွေးပေးနေရတာ စတဲ့ အခက်အခဲတွေ ကြုံနေကြပါတယ်။

ဂျပန်သွားဖို့ စီစဉ်နေတဲ့ အမျိုးသမီးတယောက်‌က “တချို့ဆိုရင် အတိုးတွေ ယူထားတာ၊ အဲ့အတိုးတွေကို ထိုင်ဆပ်နေရတာ။ ညီမဆိုရင် ၂ လပိုင်း ကတည်းက အကုန်လုံး သေချာနေပြီ။ OWIC ကတ်ကြီး ပိတ်ထားမယ်လို့ ဘယ်သူမှ မထင်ထားဘူးလေ။ ဒီကတ်တခုက တရက် သင်တန်းတက်ပြီး နောက်နေ့ဆိုရင် ရနေပြီ။ ဘာမှ မခက်ခဲဘူး။ အဲ့ကတ်တခုကို ပိတ်ချလိုက်တော့ ဒီတခုက မရဘဲ COE တွေ သက်တမ်း ပြန်တိုးရတယ်။ ၂ လပိုင်းကတည်းက အကုန်လုံးစုံနေပြီ သွားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတော့ ညီမဆိုရင် ဒီက အလုပ်ထွက်ပြီး သွားဖို့ ပြင်ပြီးခါမှ ငုတ်တုတ်ထိုင်စောင့်နေရတယ်။ အဲ့အတိုးကို ထိုင်ပေးရတယ်။ ဘာမှ ဆက်လုပ်လို့ မရဘူး။ အဲ့လို အနေထားတွေ အများကြီး ရှိတယ်” လို့ ပြောပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ကျွမ်းကျင်ဗီဇာနဲ့ သွားရောက်မယ်ဆိုရင် အလုပ်အေဂျင်စီကို အမေရိကန်ဒေါ်လာ ၁၅၇၅ ဒေါ်လာ (မြန်မာငွေ သိန်း ၇၀ နီးပါး) အသားတင် သွင်းရပြီး၊ အလုပ်သင် ဗီဇာနဲ့ဆိုရင်တော့ ၂၈၇၅ ဒေါ်လာ (မြန်မာငွေ သိန်း ၁၃၀ နီးပါး) လက်ရှိ ပေါက်ဈေးအတိုင်း ပေးသွင်းရတယ်လို့ ဆိုရပါတယ်။

ဂျပန်သွားဖို့ အင်တာဗျူး အောင်ထားတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်ခေါ်စာကျပြီး ဖြစ်ပေမဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာခွင့်မရတာ လနဲ့ချီ ကြာနေပြီဖြစ်တာကြောင့် လစဉ် ချေးယူထားတဲ့ အကြွေးတွေကို အတိုးနဲ့ ဆပ်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

စင်ကာပူနိုင်ငံကနေ ခွင့်နဲ့ ပြန်လာတဲ့ အလုပ်သမားတယောက်ကလည်း ပြည်တွင်းမှာ OWIC ကတ်ရဖို့ ကြန့်ကြာတာတွေကြောင့် အချိန်မီ လုပ်ငန်းခွင် ပြန်မဝင်နိုင်ဘဲ အလုပ်လက်မဲ့ ဖြစ်ကာ အလုပ်ဆုံးရှုံးသွားတယ်လို ပြောပါတယ်။ 

“အခုဆိုရင် စင်ကာပူက အလုပ်ရှင်တွေက မြန်မာနိုင်ငံက လာတယ်ဆိုရင် မခေါ်ချင်ကြတော့ဘူး။ သူတို့က IPA ကျပြီး တပတ်၊ နှစ်ပတ်အတွင်း မလာနိုင်ဘူးဆိုရင် cancel လုပ်လိုက်တာ။ ကျနော်ဆိုရင် OWIC ကတ် ကြာတာကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတယ်။ အခုက စင်ကာပူက အသိတွေဆိုရင် ခွင့်ပြန် မပြန်ရဲကြတော့ဘူး။ အများစုကတော့ တခြားနိုင်ငံတွေပဲ သွားကြတော့တယ်။ ဒီအချိန်မှာတော့ ပြည်တွင်း ပြန်မဝင်တာ အကောင်းဆုံးပဲ။ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေဆိုရင်လည်း ပေးမထွက်တော့ဘူး။” 

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနကတော့ မတ်လကစပြီး ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံလက်မှတ် (OWIC) လျှောက်ထားပြီးသူတွေ ပြန်လျှောက်ဖို့နဲ့ အေဂျင်စီ တခုချင်းအလိုက် လစဥ် လျှောက်ရမယ့် လုပ်သားဦးရေ ကန့်သတ်ပြီးနောက် ပြည်ပထွက်ဖို့ ကြန့်ကြာတာတွေ ရှိလာတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ အလုပ်သမား ၅၀,၀၀၀ နီးပါးလောက် ပြည်ပထွက်ဖို့ အဆင်သင့်ဖြစ်နေကြပြီး စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထွက်ခွင့်မပေးလို့ ပိတ်မိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် ရယူထားတဲ့ အေဂျင်စီ ၆၀၀ ကျော်ရှိပြီး စစ်ကောင်စီက အေဂျင်စီတွေကို အလုပ်သမား စေလွှတ်ခွင့် အရေအတွက် ထိန်းချုပ် ကန့်သတ်နေတာ ဖြစ်ပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013