
မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံတွေရဲ့ ၁၈ ကြိမ်မြောက် ကွန်းဖရင့်ကို ဇွန် ၁၀ ရက်ကနေ ၁၂ ရက်အထိ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။
အဲဒီကွန်းဖရင့်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံရှိ မသန်စွမ်းသူတွေရဲ့ အခြေအနေကို ဆွေးနွေး ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းတွေရဲ့ အခြေအနေက ပြီးခဲ့နှစ်တွေကထက် ပိုမိုဆိုးရွားလာကြောင်း၊ အာဏာသိမ်း စစ်ကောင်စီနဲ့ တပ်ဖွဲ့ဝင်တွေက အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ကျူးလွန်နေတာကြောင့် ဖြစ်ကြောင်း၊ မသန်စွမ်းတွေအနေနဲ့ ထိုက်သင့်တဲ့ ဝန်ဆောင်မှု၊ ပံ့ပိုးမှုတွေ မရကြေင်း၊ ဥပဒေမူဘောင် လုံလောက်စွာ မရကြောင်း စတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ငလျင်သဘာဝဘေးအန္တရာယ်က အလွန်အမင်း ထိခိုက် ပျက်စီးခဲ့ပြီး အခြေအနေ ပိုဆိုးဝါးလာကြောင်း၊ ဒါပေမဲ့ စစ်အုပ်စုက အရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်းနေကြောင်း စတဲ့အချက်တွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို စစ်ကောင်စီထံ လေယာဉ်ဆီ ဖြတ်တောက်ဖို့နဲ့ ငွေကြေးစီးဆင်းမှု ဖြတ်တောက်ရေးတို့မှာ ကူညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ မြန်မာနိုင်ငံရှိ မသန်စွမ်းသူတွေကို ကူညီပေးဖို့ အစွမ်းကုန် ကြိုးပမ်းနေပြီး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မသန်စွမ်းသူတွေကို ခြေလက်အင်္ဂါအတုတွေ တပ်ဆင်ပေးတာနဲ့ တခြားလိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေကြောင်း ပြောကြားခဲ့ပါတယ်။
ဇွဲသစ်