DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်ဟောင်းကို ဝေဒနာမပြင်းထန်ဘဲ ဆေးရုံတွင်ကုသပေးသည့် ဆရာဝန် ၃ ဦး အရေးယူခံရ 
DVB
·
June 13, 2025
ထိုင်းဝန်ကြီးချုပ်ဟောင်းကို ဝေဒနာမပြင်းထန်ဘဲ ဆေးရုံတွင်ကုသပေးသည့် ဆရာဝန် ၃ ဦး အရေးယူခံရ 
Donate to DVB

DVB 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ အမှန်တကယ် ရောဂါဝေဒနာမပြင်းထန်ဘဲ ဘန်ကောက် ရဲဆေးရုံကြီးရဲ့  အထူးစပယ်ရှယ်ခန်းမှာ လ နဲ့ချီ လက်ခံကုသပေးမှုနဲ့  ဆရာဝန် ၃ ယောက်ကို ဆေးဝန်ထမ်းကျင့်ဝတ်ချိုးဖောက်မှုနဲ့ အရေးယူဖို့ကိစ္စ ထပ်လောင်းအတည်ပြုကြောင်း   ထိုင်းနိုင်ငံ ဆေးကောင်စီက ထုတ်ပြန်လိုက်ပါတယ်။ 

လူနာမှာ အသည်းအသန် ပြင်းထန်တဲ့ရောဂါမရှိပါဘဲ ဆေးမှတ်တမ်းကို မမှန်မကန်ရေးသားခဲ့ပြီး လူနာလွှဲပြောင်းကာ လက်ခံကုသပေးခဲ့တဲ့ ဆရာဝန် ၃ ဦးကို  ဆေးဝန်ထမ်းကျင့်ဝတ် ချိုးဖောက်မှုနဲ့  အရေးယူမယ့်အကြောင်း ပြီးခဲ့တဲ့ မေ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပေမဲ့ အငြင်းပွားမှုတွေရှိတာကြောင့်  ဆေးကောင်စီဟာ ဇွန် ၁၂ ရက်မှာ ထပ်မံစည်းဝေးပြီး ဆေးကောင်စီ အလုပ်အမှုဆောင်  တဦးချင်းစီရဲ့ ဆန္ဒသဘောထားကို ကောက်ခံခဲ့ပါတယ်။ 

ဆေးကောင်စီ အလုပ်အမှုဆောင်စီအဖွဲ့ဝင် ဆရာဝန် ၆၉ ယောက်ရှိပြီး အစည်းအဝေး တက်ရောက်သူ ၆၈ ယောက်ရှိတယ်၊ အယောက် ၆၀ က အ‌ရေးယူသင့်တယ်လို့ ဆိုတယ်။ ၃ ပုံ ၂ ပုံက သဘောတူတာကြောင့် ထုတ်ပြန်ချက်ကို ထပ်မံအတည်ပြုတယ်။  ဒီကျင့်ဝတ် စည်းကမ်းတွေဟာ ဆရာဝန်တိုင်းသင်ကြားခဲ့ရပြီးသား၊ ဒါပေမဲ့ ဖြေလျော့ဖို့ ညှိနှိုင်းလာတာရှိတယ်၊ ဖိအားပေးတာ ခြိမ်းခြောက်တာတွေရှိခဲ့တယ်၊ အဲဒါတွေကို ကျော်လွှားပြီး မိမိဆရာဝန်များကောင်စီရဲ့ ဂုဏ်သိက္ခာကို ဝိုင်းဝန်းထိန်းသိမ်းခဲ့တဲ့ ဆရာဝန်တွေအားလုံးနဲ့  ပြည်သူတွေကို ကျေးဇူးတင်တယ်။ ဆရာဝန်တွေမှာ ဆေးကုသရမယ့်တာဝန်အပြင် ကျင့်ဝတ်ကိုလည်း လိုက်နာကျင့်သုံးရမယ့် တာဝန်ရှိတယ် လို့   ဆေးကောင်စီ ဥက္ကဋ္ဌ - ၁ ပါမောက္ခ ဒေါက်တာ ပဆစ် ဝပ်ထနားဖာက ယမန်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အဆိုပါအတည်ပြုချက်အရ အကျဉ်းထောင်ဆေးရုံမှ ဆရာဝန် ၁ ယောက်အား သတိပေးတဲ့ အဆင့်၊ ရဲဆေးရုံမှ ဆရာဝန် ၂ ယောက်အား ဆေးကုသခွင့်လက်မှတ် ပြန်လည်သိမ်းဆည်း အ‌‌‌‌ရေး ယူမှာဖြစ်ကြောင်း၊ အရေးယူခံရသူတွေအနေနဲ့ မကျေနပ်ပါက အုပ်ချုပ်‌ရေးဆိုင်ရာတရားရုံးမှာ တိုင် ကြားနိုင်တယ်လို့ ဆိုပါတယ်။ 

ယမန်နေ့ အစည်းအဝေးမှာ အဆိုပါဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့  ကျန်းမာရေးဝန်ကြီး နိုင်းဆုမ်ဆဒ် ထိပ်ဆုထင်း (ဖွေထိုင်းပါတီ) က ဗီတိုအာဏာသုံးပြီး  လာရောက်ပြောကြားပေမဲ့ ဆေး ကောင်စီ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့လူအုပ်ကြီးက ဝိုင်းဝန်းဟန့်တား ဆန္ဒပြတာ ခံခဲ့ရပါတယ်။ 

ကျန်းမာရေးဝန်ကြီးက ဆရာဝန်တွေဟာ လူနာရဲ့ အရေးပေါ်ကျန်းမာရေးအခြေအနေ‌ကိုလိုက်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိသင့်တယ်၊ အခြေအနေတချို့မှာ လူနာကုသရေးကို ဦးစားပေးရတာကြောင့် ကျင့်ဝတ်ကနေ အနည်းငယ်တိမ်းစောင်းတာမျိုးရှိတတ်တယ်။ စာအုပ်ကြီးအတိုင်း အတိအကျ လုပ်နေရင် လူနာကုသရေးမှာ ဆရာဝန်တွေရဲ့ မိမိကိုယ်မိမိယုံကြည်မှု လျော့နည်းစေတယ်လို့ ဆိုပါတယ်။ 

ထိုင်းဝန်ကြီးချုပ် သက်ဆင်ဟာ သူဝန်ကြီးချုပ်ဖြစ်စဉ်က ပြစ်မှု ၃ ခုနဲ့ တရားစွဲခံရပြီး ဝရမ်းပြေး ဘဝနဲ့ ပြည်ပမှာ ၁၅ နှစ်ကျော် ရှောင်တိမ်းနေရတာမှာ သူတည်ထောင်ခဲ့တဲ့ ဖွေ့ထိုင်းပါတီ အာဏာရအစိုးရပြန်ဖြစ်လာတော့ ပြစ်ဒဏ်တွေခံယူဖို့  မိခင်နိုင်ငံကို ပြန်ခဲ့ပါတယ်။ 

သူဟာ ကိုယ်ပိုင်လေယာဉ်နဲ့ အမိမြေကို ပြန်ရောက်စဉ် ကျန်းကျန်းမာမာနဲ့ လာကြိုသူတွေကို နှုတ်ဆက်ခဲ့တယ်။ အဲဒီနောက် တရားရုံးမှာ ပြစ်ဒဏ်ခံယူပြီး အကျဉ်းထောင်အကျခံတယ်။ ဒါပေမဲ့ နေ့မကူးခင်  အဲဒီညမှာဘဲ နှလုံး၊ သွေးတိုး၊ အသက်ရှူကြပ် အသည်းအသန်ဖြစ်လို့ဆိုပြီး အကျဉ်းထောင်ဆေးရုံတက်ရတယ်၊  အကျဉ်းထောင်ဆေးရုံက ကုသပစ္စည်း မပြည့်စုံလို့ဆိုပြီး ရဲဆေးရုံကို ပြန်လွှဲလိုက်တယ်။ ရဲဆေးရုံရဲ့  ၁၄ လွှာ ရှိ အထူးစပါယ်ရှယ်ခန်းမှာနေပြီး လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်လာသည်ထိ အကျဉ်းထောင်ကို ပြန်မသွားတော့ပါဘူး။  သူဟာ အကျဉ်းထောင်မှာ ၂၄ နာရီပြည့်အောင်မနေရဘဲ ဟိုတယ်တမျှ အစစလိုလေသေးမရှိတဲ့ ဆေးရုံအထူးခန်းထဲမှာ နေနေရတယ်။  ဒီကိစ္စဟာ အခွင့်ထူးခံတယ်ဆိုပြီး ဆေးရုံရှေ့မှာ ဆန္ဒသွားပြသူတွေရှိသလို အတိုက်အခံပါတီ ကလည်း လွှတ်တော်ထဲမှာလည်း တင်ပြဆွေးနွေးခဲ့ပါတယ်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနက အမှုသည်လုပ်ပြီး တရားရုံးကို ဦးတိုက်လျှောက် ထား တာကြောင့် သူ့ရဲ့အမှုကို ဋီကာတရားရုံးက ဒီကနေ့ ဇွန် ၁၃ ရက်မှာ ခေါ်ယူစစ်‌‌ဆေးခဲ့ရာ  သက်ဆင် ကိုယ်တိုင်ရောက်မလာဘဲ ရှေ့နေကိုသာ စေလွှတ်ခဲ့တယ်။ တရားသူကြီးက နောက်ထပ် သက်သေ အယောက် ၂၀ ကို ပြန်မေးမယ်ဆိုပြီး အမှုကို လာမယ့် ဇူလိုင် ၄၊ ၈၊ ၁၅ ရက်တွေမှာ   ထပ်မံ ချိန်းဆို လိုက်ပါတယ်။ 

Source : Matichon / CH 7 TV News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013