
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးမှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာပြီး ရေတက်လာတာကြောင့် ငလျင်ဘေးသင့်ပြည်သူတချို့ အခက်ကြုံနေရတယ်လို့ ရွာခံတွေက ပြောပါတယ်။
ရွာခံတယောက်က "မိုးဆက်တိုက်ရွာနေတော့ ရေက အချိန်မတန်တက်နေ၊ မိုးရာသီရေတက်ချိန်ထိ ဒီတိုင်းဆို မနှစ်ကထက်ဆိုးမယ်။ အိမ်မပြီးတဲ့လူတွေက ယာယီဆောက်လုပ်ထားတဲ့ တဲလေးတွေက မြုပ်နေပြီ။ အိမ်က လက်သမားမရတာနဲ့ ငွေမလုံလောက်ကြတာနဲ့ "လို့ ပြောပါတယ်။
ခုလက်ရှိမှာ အင်းရေပြင်တကြောက ကျေးရွာအားလုံး ရေတက်လာနေပြီး ဂျိုးဖြူကန်က ဆည်ရေဖောက်ချလိုက်ရင် ရေတွေပိုတက်လာနိုင်တယ်လို့ သိရပါတယ်။
ရှမ်းပြည်တောင်ပိုင်းက တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်နဲ့ အောင်ပန်း၊ ကလောဘက်တွေမှာလည်း ရေကြီးတာ ကားလမ်းရေကျော်တာတွေရှိနေပါတယ်။
ရွှေညောင်နဲ့ ညောင်ရွှေက လမ်းပိုင်းနေရာတချို့မှာ ရေကျော်နေပြီး ရွှေညောင်က ကုန်းလှိုင်ကန်မှာ ရေမြင့်တက်တာ၊ ညောင်ရွှေက သာစည်ကန်မှာ ရေမြင့်တက်တာ၊ အောင်ပန်းက မင်္ဂလာကန်မှာ ရေမြင့်တက်တာ၊ ရပ်စောက်က ဇော်ဂျီချောင်းမှာ ရေမြင့်တာလာရှိတယ်လို့ သိရပါတယ်။
ရေမြင့်တက်လာတဲ့အတွက် ရေကြီးရေလျှံမှု ဒဏ်ကို မခံရစေဖို့ ကြိုတင်နေရာရွေ့ပြောင်းတာတွေ ပြုလုပ်ကြဖို့ကိုလည်း ပြည်သူအချင်းချင်းတိုက်တွန်းတာတွေရှိနေပါတယ်။