
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသမှာ ဝက်နာကျရောဂါနဲ့ သေဆုံးသွားတဲ့ ဝက်အသေကောင်တွေကို ရေထဲ စွန့်ပစ်တာတွေ ရှိနေတဲ့အတွက် အင်းတလျှောက် ကျေးရွာတွေမှာ ဝက်ရောဂါ ဆက်လက်ပျံ့နှံ့နေပြီး နောက်ဆက်တွဲ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အင်းလေးဒေသ မြောက်ပိုင်းက ရေပေါ်ကျေးရွာတချို့မှာ မြေမြှုပ်ဖို့ နေရာအခက်အခဲရှိတာကြောင့် ရောဂါနဲ့သေဆုံးတဲ့ ဝက်တွေကို အိတ်တွေနဲ့ထုပ်ပြီး ရေထဲ စွန့်ပစ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီဝက်အသေကောင်တွေဟာ အင်းတောင်ပိုင်း စံကားအင်းဘက်အထိ မျောပါသွားခဲ့ပြီး ရေထဲမှာရှိတဲ့ ငါးတွေက စားသောက်နေကြတာကို တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အင်းလေးဒေသခံတယောက်က “ရောဂါနဲ့သေတဲ့ ဝက်တွေကို ရေထဲပစ်ချလိုက်တာက ဝက်တကောင်ရဲ့ ပြဿနာ မဟုတ်တော့ဘူး။ အင်းတခုလုံးကို ထိခိုက်စေနိုင်တဲ့ပြဿနာ ဖြစ်သွားပြီ။ ရေကို အားထားအသုံးပြုနေတဲ့ လူတွေ၊ ငါးဖမ်းလုပ်ငန်းတွေနဲ့ ဝက်မွေးမြူရေးလုပ်ငန်းတွေအားလုံး ထိခိုက်လာနိုင်တယ်။ ဝက်ရောဂါက ဝက်ခြံထဲမှာပဲ ရပ်မနေတော့ဘူး။ ရေထဲ ရောက်သွားတဲ့အခါ အင်းတလျှောက် ရွာတွေကို ခြိမ်းခြောက်တဲ့ပြဿနာ ဖြစ်လာတယ်။ အခုလို စည်းကမ်းမဲ့ စွန့်ပစ်မှုတွေကို မထိန်းနိုင်ရင် နောက်ထပ်ဆုံးရှုံးမှုတွေ ဆက်ဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ အင်းမြောက်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ဝက်ရောဂါဟာ အခုဆို အင်းတောင်ပိုင်း စံကားအင်းအထိ ပျံ့နှံ့လာပြီး ကျေးရွာတချို့မှာ ဝက်တွေ အစုလိုက်အပြုံလိုက် သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အင်းအနောက်ဘက်ခြမ်းက ပအိုဝ်းကျေးရွာတချို့မှာလည်း ဝက်သားစားသုံးပြီးနောက် အော့အန်တာ၊ ဖျားနာတာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်အထိတော့ အဆိုပါရောဂါ လူကိုကူးစက်တယ်ဆိုတဲ့ အတည်ပြုချက်မျိုး မရှိသေးပေမဲ့ ရောဂါနဲ့သေဆုံးတဲ့ ဝက်အသေကောင်တွေကို ကိုင်တွယ်ခဲ့သူတချို့မှာ ဖျားနာတာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေကတော့ ရောဂါနဲ့သေဆုံးတဲ့ တိရစ္ဆာန်အကောင်တွေကို ရေထဲစွန့်ပစ်တာမျိုး မလုပ်ဘဲ စနစ်တကျ မြေမြှုပ်ဖျက်ဆီးနိုင်အောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အမြန်ဆုံး စီမံဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ တိုက်တွန်းပြောဆိုထားကြပါတယ်။










