
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အရှေ့မြောက်ခြမ်း၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာတွေကို မတ် ၂၈ ရက်မှ ဇွန် ၁၃ ရက်အထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ တိုက်ပွဲဖြစ်ပြီး ရွာသားတွေ စစ်ဘေးရှောင်နေကြရပါတယ်။
စစ်ကြောင်းထိုးလို့ ထွက်ပြေး နေရတဲ့ ကျေးရွာအများစုဟာ အင်အားပြင်း ငလျင်ဘေးဒဏ်သင့်တဲ့ဒေသတွေဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
ကင်းရွာသားတယောက်က “စစ်တပ်က မင်းကွန်း၊ ကင်းရွာ၊ ချောင်းမကြီးရွာတွေရဲ့ တောင်ဘက်မှာရှိတဲ့ လက်ပံ၊ တလိုင်းဆင်၊ ထန်းမြင့်ရွာတွေမှာ ဖြန့်ခွဲအခြေပြုထားတဲ့ ခမရ (၈၁)၊ (၄၄)၊ (၃၃) တပ်တွေက စကစတွေနဲ့ ပျူစောထီး ၊ပြည်သူစစ်တွေ ပူးပေါင်းပြီး ကျနော်တို့ ရွာတွေဆီ ခြေလျင်စစ်ကြောင်းထိုးနေတာဗျ။ ရွာတွေကို ဝင်တော့မယ်ဆိုရင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့လည်းပစ်ခတ်တယ်ဗျ။ အဲလိုပစ်ခတ်လို့ ကျနော်တို့အရပ်သားတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်။ သူတို့စစ်ကြောင်းထိုးလာလို့ ပြည်သူကာကွယ်ရေး အဖွဲ့တွေနဲ့ လည်း ထိတွေတိုက်ပွဲတွေ ဖြစ်ကြတယ်” လို့ ပြောပါတယ်။
ဇွန် ၁၁ ရက် မနက် ၉ နာရီမှာလည်း မင်းကွန်းတောင်ဘက်၊ ဒေသအခေါ် တောင်ညိုတွင်း ဘက်မှာလည်း နှစ်ဘက်ပစ်ခတ်မှု တနာရီကြာလောက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ခေါင်းဆောင်တယောက်က “တိုက်ပွဲက စကစ ထွက်တဲ့နေ့ ကတည်းက ကျနော်တို့နဲ့ ထိတွေမှုဖြစ်နေတာဗျ။ ကျနော်တို့ဘက်က ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ မလုပ်ဘဲ ပြောက်ကျားပစ်ခတ်မှု တိုက်ပွဲပုံစံနဲ့ သွားနေတာပါဗျ။ မနေ့ ဇွန် ၁၂ ရက် ညနေ ၃ နာရီလောက် အချိန်မှာလည်း စစ်ကိုင်းမြို့နယ်၊ ကင်းရွာဘက်မှ စကစ ခြေလျင်စစ်ကြောင်းက မြောက်ဘက်ရှိ ချောင်းမကြီးရွာဘက်ကို ထပ်မံစစ်ကြောင်းထိုးဝင်ရောက် လာခဲ့တဲ့အတွက် ကျနော်တို့နဲ့ နှစ်ဘက်ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့ရသေးတယ်ဗျ”လို့ ပြောပါတယ်။
အခုလို စစ်ပွဲ ၂ ရက်တာဖြစ်ပွားချိန်မှာလည်း အုန်းတောရွာမှာရှိတဲ့ စစ်ကောင်စီအထိုင် စစ်တပ်ကနေ လက်နက်ကြီးပစ်ကူ ပေးခဲ့ပါတယ်။
စစ်ဖြစ်ပွားလို့ ကင်းရွာ၊ ချောင်းမကြီး၊ အုန်းသဇင်၊ မြေတိုင်း၊ ဒင်္ဂါးကျွန်း၊ ရွေဂဲပြန်၊ ထုံးဘို၊ ကသဲသာ၊ အိုင်းဒိုင်နဲ့ ရောင်းမဆုပ်ရွာတို့က ပြည်သူတွေ စစ်ဘေးတိမ်း ရှောင်နေကြရပါတယ်။