
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရခဲ့ကြသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF - ၃၆၀၁ တပ်ရင်း) က ဇွန် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ပေါက်ခေါင်းမြို့နယ်ထဲက ရွာတွေကို ရွာစဥ်လှည့် မီးရှို့ကာ ပေါင်းတည်မြို့နယ် အပိုင်ထဲက ညောင်ပင်ရွာမှာ အထိုင်ချပြီး အင်အား ၁၀၀ လောက်နဲ့ ဆက်ထွက်လာတဲ့ စစ်ကြောင်းကို ဇွန် ၃ ရက် မနက် ၉ နာရီလောက်မှာ ညောင်နီပင်ရွာနဲ့ မအူကွင်းရွာ ၂ ရွာကြားမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ၃၆၀၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က ပြောပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့လကတည်းက ပေါက်ခေါင်းမြို့နယ်ထဲမှာရှိတဲ့ ကွမ်းအုံစု၊ အိုင်စောက်၊ သိုက်ချောင်း၊ မြေနီကုန်း၊ မရိုးကျွန်း၊ ပြန်ချီတက်၊ သဖန်းကိုင်း၊ ဒလမဲ အဲဒီရွာတွေဘက်ကို ပတ်ပြီး ရွာစဉ်လှည့် မီးရှို့ခဲ့လို့ ပြည်သူပိုင်အိမ်တွေ ရာချီပြီး ပျက်စီးခဲ့တာကြောင့် အသင့်စောင့်ပြီး ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းမှူး ဗိုလ်မင်းသားက ပြောပါတယ်။
“တိုက်ပွဲက တနေကုန်နီးပါး ဖြစ်ခဲ့ကြတာ။ သူတို့ဘက်က အသေအပျောက် များပြီး ဒဏ်ရာရတဲ့ကောင်တွေကလည်း ၈ ယောက်လောက်ရှိနေတော့ အဲဒီနေ့ညနေပိုင်းမှာပဲ ညောင်ပင်ကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားကြတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန် ညနေ ၃ နာရီလောက်မှာ တောင်ငူလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးက ဗုံး ၆ လုံးကြဲတယ်။ ပြည်မြို့ဘက်ကလာတဲ့ စက်တပ်လေထီး ၂ စီးက ဗုံး ၄ လုံး ကြဲသွားတယ်။ သူတို့ဘက်က အဲဒီလေကြောင်းပစ်ကူတွေထဲမှာတော့ ဒဏ်ရာရတဲ့ရဲဘော် မရှိခဲ့ဘူး။ လက်နက်ကြီး ပစ်ကူကြောင့် ရဲဘော် ၂ ယောက် မစိုးရိမ်ရတဲ့ဒဏ်ရာတွေ ရခဲ့တယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီး နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့သလို ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်၊ MA1 သေနတ် ၂ လက်၊ MA3 သေနတ် ၆ လက်၊ 5.56 ကျည် ၅၆ တောင့်၊ 7.62 ကျည် ၁၆ တောင့်၊ MA1 ကျည်ဘောက် ၃ ခု၊ MA3 ကျည်ဘောက် ၅ ခု၊ G3 ကျည်ဘောက် ၁ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၁ လုံး၊ WY စိတ်ကြွဆေး အပြား ၁၅၀ နီးပါးနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ဗျူဟာ ၂၁ လက်အောက်ခံ ၃၆၀၁ တပ်ရင်း၊ ၃၆၀၂ တပ်ရင်း တပ်ရင်းရုံး၊ တပ်ခွဲ ၃၊ တပ်ခွဲ ၄၊ ပြည်ခရိုင် ပကဖ၊ ရွှေတောင် ပကဖ၊ ပေါက်ခေါင်း ပကဖ၊ ၃၈၀၁ တပ်ရင်း တပ်ခွဲ ၃ နတ်စစ်သည်အဖွဲ့နဲ့ တပ်ခွဲ ၆ ဧရာညီနောင်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။