
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ထဲကို ဇွန် ၁၀ ရက်နေ ညနေ ၄ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံပြည်သူတယောက် သေဆုံးသွားပြီး ကြို့ပင်ကောက်မြို့နယ်နဲ့ အုတ်ဖိုမြို့နယ်အစပ်က ထောင်ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) ရဲ့ တာ၀န်ခံ ဗိုလ်တောက်တဲ့က “စစ်တပ်စစ်ကြောင်းက ကြို့ပင်ကောက်မြို့နယ်ထဲက ကျီစုရွာထဲကနေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ သူတို့ပစ်လိုက်တဲ့ လက်နက်ကြီးက ကိုင်းကြီးရွာထဲကိုကျပြီး အသက် ၆၅ လောက်ရှိတဲ့ အမျိုးသမီးတဦး သေဆုံးသွားပါတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ကြို့ပင်ကောက်မြို့နယ်နဲ့ အုတ်ဖိုမြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အတွက်ကြောင့် ဒေသခံထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ HERO ပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ခံ ကိုမိုးကြိုးက “ခမရ ၆ စစ်သားတွေ၊ ပျူစောထီးနဲ့ ရဲအင်အား ၁၅၀ လောက်ပါတဲ့ စစ်ကြောင်းက အုတ်ဖိုမြို့နယ်အပိုင် ဒေါင်းကြီး၊ ဒေါင်းလေး၊ ဒေါင်းစပါးကွင်းနဲ့ ကြို့ပင်ကောက်မြို့နယ်က အညာတန်း၊ ကျီစုရွာတွေနဲ့ အဲဒီဝန်းကျင်တွေက ရွာတွေကို စစ်ကြောင်းထိုးနေတာကလည်း ၃၊ ၄ ရက်ရှိနေပြီ။ ရွာတွေပတ်ချာလည်မှာလည်း တပ်တွေဖြန့်ထားတယ်။ သူတို့စစ်ကြောင်းကို ကြောက်လို့ ထွက်ပြေးနေတဲ့ပြည်သူတွေက ၂,၀၀၀ ကျော်လောက်ရှိမယ်။ ကျနော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ အဆိုပါကျေးရွာတွေကို ဇွန် ၈ ရက်ကစပြီး စစ်ကြောင်းထိုး ဝင်ရောက်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေဖြစ်တဲ့ လက်ပံတန်း၊ သာယာဝတီ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ သဲကုန်းနဲ့ ပေါင်းတည် စတဲ့မြို့နယ်တွေထဲက ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေလို့ ဒေသခံပြည်သူတွေဟာလည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။