
ပင်လယ်ရေကြောင်းလုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ တရုတ်နိုင်ငံက ဂျပန်ကို တိုက်တွန်းထားတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ လင်ကျန်းက ပေကျင်းမှာ ဇွန် ၁၂ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်တိုက်လေယာဉ်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က ပစိဖိတ်သမုဒ္ဒရာပေါ်မှာ ဂျပန် စစ်ဘက်ကင်းလှည့်လေယာဉ်တစင်းနဲ့ အနီးကပ် ပျံသန်းနေခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မေးရာမှာ လင်ကျန်းက တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေဟာ နိုင်ငံတကာ ဥပဒေတွေ၊ ကျင့်ထုံးတွေနဲ့ ကိုက်ညီတယ်လို့ ပြောပါတယ်။
“တရုတ်နဲ့ ဂျပန် ၂ နိုင်ငံ ကာကွယ်ရေးဌာနတွေဟာ ရှိပြီးသား လမ်းကြောင်းတွေကနေ ဆက်သွယ်နေပါတယ်။ ဒါဟာ တရုတ်ရဲ့ ပုံမှန် စစ်ရေးလှုပ်ရှားမှုတွေအပေါ် ဂျပန်ရဲ့ စစ်ရေယာဉ်တွေနဲ့ လေယာဉ်တွေက အနီးကပ် ထောက်လှမ်းခြင်းပဲဆိုတာ ကျနော် ထောက်ပြပါရစေ၊ ဒါဟာ ပင်လယ်ရေကြောင်းနဲ့ လေကြောင်း လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေ ဖြစ်စေတယ်။ ဒီလို အန္တရာယ်ရှိတဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ တရုတ်က ဂျပန်ကို တိုက်တွန်းလိုက်ပါတယ်” လို့ လင်ကျန်းက ဆက်ပြောပါတယ်။
တရုတ်တိုက်လေယာဉ်တစင်းဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း ဂျပန်စစ်ဘက် ကင်းလှည့်လေယာဉ်နဲ့ ပွတ်ကာသီကာ ပျံသန်းသွားခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်လေယာဉ်ဟာ ရွေ့လျားနေတဲ့ လေယာဉ်တင်သင်္ဘောပေါ်ကနေ ပျံတက်ပြီးတဲ့နောက် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ ကင်းလှည့်လေယာဉ်နဲ့ (၁၄၈ ပေနီးပါး) အကွာကနေ ပျံသန်းသွားခဲ့တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်တိုက်လေယာဉ်မှူးတွေဟာ စစ်ရေးလေ့ကျင့်ရာမှာ အန္တရာယ်ရှိတဲ့ ပရိယာယ်တွေသုံးပြီး လေ့ကျင့်တယ်လို့ ဩစတြေးလျ၊ ဖိလစ်ပိုင်၊ အမေရိကန်နဲ့ ကနေဒါ အပါအဝင် နိုင်ငံအများအပြားက စွပ်စွဲထားပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ဟာ ဖေဖော်ဝါရီလတုန်းက သြစတြေးလျနဲ့ နယူးဇီလန်ကြားက တက်စ်မေးနီးယားပင်လယ်မှာ တိုက်ရိုက်ပစ်ခတ် လေ့ကျင့်ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ဒေသတွင်း သမုဒ္ဒရာတွေအတွင်း အာဏာတည်ဆောက်မှု ရည်မှန်းချက်အတွက် မရှိမဖြစ်အနေနဲ့ သူ့ရဲ့ လေယာဉ်တင်သင်္ဘောအုပ်စု အဖွဲ့တွေကို ရှုမြင်ထားပါတယ်။
အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်က အငြင်းပွားကျွန်းတွေနားဆီ ကမ်းခြေစောင့် ရေယာဉ်တွေ၊ စစ်သင်္ဘောတွေနဲ့ စစ်လေယာဉ်တွေကို မကြာခဏ စေလွှတ်ပြီး လက်လှမ်းမီမှုကို တိုးချဲ့နေပုံရတယ်လို့ သည်ဂါးဒီးယန်း သတင်းစာမှာ သုံးသပ် ဖော်ပြပါတယ်။
Source: Reuters