
ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ရဲတွေရဲ့ စစ်ကြောရေးအတွင်း နိုင်ငံရေး ဘလော့ဂါတယောက် သေဆုံးမှုကြောင့် ဒေါသထွက်နေတဲ့ လူအုပ်က မော်တော်ယာဉ်တွေကို မီးရှို့ခဲ့ကြပါတယ်။
ရဲလုံခြုံရေးတပ်ဖွဲ့တွေကလည်း လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တာတွေ ဖြစ်ခဲ့လို့ ဇွန် ၁၂ ရက်က ဆန္ဒပြပွဲတွေ ပြင်းထန်လာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။
နိုင်ငံရေးနဲ့ လူမှုရေး ကိစ္စတွေကို ဘလော့ဂ်ရေးတဲ့ အသက် ၃၁ နှစ်အရွယ် အဲလ်ဘတ် အိုဂျ်ဝမ် သေဆုံးမှုဟာ တရားလက်လွတ် သတ်ဖြတ်တာတွေနဲ့ ပျောက်ဆုံးတာတွေဖြစ်အောင် လုပ်တယ်လို့ နှစ်ပေါင်းများစွာ စွပ်စွဲခံထားရတဲ့ နိုင်ငံရဲ့ လုံခြုံရေးဌာနတွေကို မီးမောင်းထိုးပြတဲ့ နောက်ဆုံးဖြစ်ရပ်ပါ။
သမ္မတ ဝီလျံရူတိုက အစောပိုင်း တရားဝင်မှတ်တမ်းတွေကို ပြောင်းပြန်လှန်ရင်း အိုဂျ်ဝမ်ဟာ ရဲတွေရဲ့လက်ထဲမှာ သေဆုံးသွားခဲ့တယ်လို့ ပြောအပြီးမှာ မြို့တော်က ကားနှစ်စီးထက်မနည်းကို မီးရှို့ခဲ့တဲ့ ဆန္ဒပြသူ ရာပေါင်းများစွာကို ရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ပါတယ်။
ကင်ညာနိုင်ငံရဲ့ ဒုတိယရဲချုပ်ကို အွန်လိုင်းပေါ်ကနေ အသရေဖျက်မှုနဲ့ အိုဂျ်ဝမ်ကို သောကြာနေ့က ဖမ်းဆီးခဲ့ပြီး အချုပ်ခန်းနံရံနဲ့ ခေါင်းကို တိုက်မိပြီးတဲ့နောက် သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကနဦးမှာ ပြောပါတယ်။
Source: Reuters