
ဖိလစ်ပိုင် ဒုသမ္မတ ဆာရာဒူတာတေးကို စွပ်စွဲပြစ်တင်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှု ရှိ မရှိ ရှင်းလင်းဖို့ အထက်လွှတ်တော်အမတ်တွေက မဲခွဲဆုံးဖြတ်ပြီးတဲ့နောက် အောက်လွှတ်တော်ဆီ အမှုကို ပြန်လွှဲလိုက်လို့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ အထက်လွှတ်တော် အပြင်ဘက်မှာ ဇွန် ၁၁ ရက်က စုဝေးခဲ့ကြပါတယ်။
ဒုသမ္မတရဲ့ နိုင်ငံရေးသက်တမ်းကို အဆုံးအဖြတ်ပေးနိုင်တဲ့ တရားစီရင်မှုတရပ်ကို ခေါ်ယူပြီးတဲ့နောက် နာရီပိုင်းအကြာ ဇွန် ၁၀ ရက် နှောင်းပိုင်းမှာ အထက်လွှတ်တော်ရဲ့ အံ့အားသင့်စရာ လုပ်ဆောင်ချက်ဟာ စွပ်စွဲပြစ်တင်မှုကိုတားဖို့ ကြိုးစားတဲ့ နည်းပရိယာယ် ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
ဒီအမှုကိုပလပ်ဖို့ ဒူတာတေးရဲ့ မဟာမိတ်တယောက်က အားထုတ်မှု အပါအဝင် လွှတ်တော်အမတ်တွေကြား အပြင်းအထန် ငြင်းခုံကြအပြီး အထက်လွှတ်တော်အမတ်တွေက တရားခွင်ကို ရပ်စဲဖို့ သဘောတူခဲ့ပေမဲ့ လုပ်ငန်းစဉ်ကို ကိုင်တွယ်ရာမှာ တရားဝင်ကြောင်း အသိအမှတ်ပြုဖို့ အောက်လွှတ်တော်ဆီ အရင် ပြန်ပို့ခဲ့ပါတယ်။
ဆာရာ ဒူတာတေးကို အများပြည်သူရဲ့ ယုံကြည်မှုအပေါ် သစ္စာဖောက်မှုနဲ့ ရာဇ၀တ်မှုတွေအတွက် စွပ်စွဲပြစ်တင်ဖို့ ဖေဖော်ဝါရီလမှာ အောက်လွှတ်တော်က တခဲနက်မဲပေးခဲ့ပြီး ဒီအမှုကို ရုံးတင်စစ်ဆေးဖို့ အထက်လွှတ်တော်ဆီ လွှဲပေးခဲ့ပါတယ်။
ဒူတာတေးက စွပ်စွဲပြစ်တင်မှုဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ပြီး အမှားအယွင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
အင်္ဂါနေ့က ဆုံးဖြတ်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာဖောက်ပြီး ပြည်သူ့အရာရှိတွေကို တာဝန်ခံဖို့ အထက်လွှတ်တော်ရဲ့ တာဝန်ကို ရှောင်လွှဲခြင်းဖြစ်တယ်လို့ ပြောရင်း ဥပဒေနဲ့ ဘုရားကျောင်းအဖွဲ့တွေ အပါအဝင် ပြည်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဒေါသထွက်ခဲ့ကြပါတယ်။
Source: Reuters