DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဗီဒီယိုကမ်ပိန်း တပတ်သာလို ၊ ပူးပေါင်းပါဝင်ကြရန် နှိုးဆော်
DVB
·
June 13, 2025
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဗီဒီယိုကမ်ပိန်း တပတ်သာလို ၊ ပူးပေါင်းပါဝင်ကြရန် နှိုးဆော်
Donate to DVB

ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ ဗီဒီယိုကန်ပိန်းက တပတ်တာလိုတော့ပေမဲ့ ရည်ရွယ်ထားတဲ့ ဗီဒီယိုပေါင်း ၈၀၀၀၀ မပြည့်သေးကြောင်း ကမ်ပိန်းဖြစ်မြောက်ရေး တရားဝင်စာမျက်နှာရဲ့ ကြေညာချက်တွေအရ သိရပါတယ်။

ဗီဒီယိုဖိုင်ပေါင်း ၈၀၀၀၀ နဲ့ ဂရင်းနစ်စံချိန်တင်ဖို့ ရည်ရွယ်ထားပေမဲ့ ဇွန် ၁၁ ရက်အထိ ပေးပို့လာတဲ့ မွေးနေ့ဆုတောင်းဗီဒီယိုပေါင်းက   ၂၁,၀၅၅  သာရရှိသေးကြောင်း သိရပါတယ်။

ပေးပို့သူတွေရဲ့ လုံခြုံရေးကို ဦးစားပေးထားတဲ့အနေနဲ့ Suu 80 Birthday Campaign ပေ့ချ်မှာ တင်ထားတဲ့ လင့်ခ်ကို ဝင်ရောက်ပြီး မွေးနေ့ ဆုတောင်းဗီဒီယိုကို upload လုပ်ရမှာဖြစ်ပါတယ်။

လူထုခေါင်းဆောင်ကို ချစ်ခင်ကြပေမဲ့ ပြည်တွင်းမှာ ရှိကြတဲ့ တော်လှန်ပြည်သူတွေအနေနဲ့ လုံခြုံရေး အင်တာနက် အခက်အခဲနဲ့ နည်းပညာအားနည်းချက်တွေကြောင့် နှောင့်နှေး ကြန့်ကြာနေတာဖြစ်ပါတယ်။

လူထုခေါင်းဆောင်ရဲ့ မွေးနေ့က မွေးနေ့ဆိုတာထက်ပိုပြီး လူထုလှုပ်ရှားမှုတရပ်ဖြစ်တဲ့အတွက် ပါဝင်ကြဖို့ကို စစ်အာဏာရှင်ဆန့်ရှင်ရေး ရန်ကုန်သပိတ်အင်အားစုက ကိုနန်းလင်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့သည် လူတဦးတယောက်ရဲ့ မွေးနေ့ဆိုတာထက်ပိုတယ်။ ဒါဟာ နိုင်ငံရေးအရ လှုပ်ရှားမှု နိုင်ငံရေးသတင်းစကားတွေနဲ့ လှုပ်ရှားရမယ့်နေ့လို့ ကျနော်တို့ကတော့ ယူဆပါတယ်။ တချို့တွေကြတော့လည်း နည်းပညာမကျွမ်းကျင်လို့ လုံခြုံရေးအရ မလုပ်တတ်မကိုင်တတ်တာ လေးတွေရှိတယ်။ ဒါကတော့ အခက်အခဲရှိတယ်။ ဒါပေမဲ့ ကျနော်ထင်ပါတယ် ပြည်တွင်း ပြည်ပ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ တကယ်ပဲ ပေါင်းစပ်ပါဝင်လိုက်မယ်ဆို ၈၀,၀၀၀ ဆိုတဲ့ ဗီဒီယိုက ပြည့်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့နဲ့ ချိတ်ဆက်ပြီးမှ ဒေါ်အောင်ဆန်းစု ကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဆိုတဲ့ ကြွေးကြော်သံ ကျနော်တို့တောင်းဆိုသံ လှုပ်ရှားမှုက အကျယ်လောင်ဆုံးဖြစ်လိမ့်မယ်။”

ဗီဒီယိုတွေက မွေးနေ့ရက်ဖြစ်တဲ့ ဇွန် ၁၉ ရက်အထိ ပေးပို့နိုင်မှာဖြစ်ပြီး လင့်ခ်တွေက ပေးဖို့ အခက်အခဲရှိမယ်ဆိုရင် Suu 80 Birthday Campaign ပေ့ချ်ရဲ့ ချက်ဘောက်ကတဆင့် ပေးပို့နိုင်သလို သရုပ်ဆောင် ခါရာပေ့ချ်ရဲ့ ချက်ဘောက်ကနေလည်း ပေးပို့ပါဝင်နိုင်ကြောင်း သိရပါတယ်။

မွေးနေ့ဆုတောင်းဗီဒီယို ပါဝင်ပေးပို့သူတယောက်က “သရုပ်ဆောင်ခါရာတင်ထားတာလည်းတွေ့လို့ ကျမကိုယ်တိုင်လည်း အမေ့မွေးနေ့ဆုတောင်းလေးမှာ ပါဝင်ချင်လို့ အခုလိုပါဝင်ဖြစ်တာပါ၊ ကျမကတော့ ပြည်ပက တင်လိုက်တာဆိုတော့ လွယ်ကူပေမဲ့ ပြည်တွင်းက သူတွေကတော့ အင်တာနက်အခက်အခဲ နည်းပညာ အခက်အခဲကြောင့်ပေါ့၊ ပြီးတော့ လင့်ခ်ကို မဝင်တတ်လို့ဆိုပြီး Comment တွေမှာ ပြောနေကြတာတွေ့ရတယ်။ အဲတာကြောင့် ပြောပြချင်တာက မောင်လေး ခါရာတို့ပေ့ချ်ကိုသွားပြောလိုက်ရင် သူတို့က လုပ်ပေးပါတယ်။ အဲဒါကြောင့်မို့ ဗီဒီယိုအတိုလေးတွေ စက္ကန့် ၃၀ ထက်မကျော်တဲ့ ဗီဒီယိုလေးတွေ ရိုက်ပြီးပို့ပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်၊ ဗီဒီယိုလေးတွေကလည်း အများကြီး လိုနေသေးတာမို့ ပါဝင်ကြဖို့ကိုလည်း တိုက်တွန်း နှိုးဆော်ချင်ပါတယ်”လို့ ပြောပါတယ်။

မွေးနေ့ဆုတောင်းဗီဒီယိုကို  Happy Birthday နဲ့ စတင်ရမှာဖြစ်ပြီး စုဆိုတဲ့ စကားလုံးပါဝင်ရမှာဖြစ်သလို  စက္ကန့် ၃၀ ထက်မပိုတဲ့ ဗီဒီယိုကို 100 MB  ထက်  မပိုစေပဲ တယောက်ကို ဗီဒီယို တခုသာ ပေးပို့ပါဝင်ရမှာဖြစ်ပါတယ်၊

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီရဲ့ ဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံထားရပြီး စုစုပေါင်း အမှု ၁၉ မှု ထဲက အမှု ၅ မှု ကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တဲ့အတွက် ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံရဆဲ ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013