
ဒေသတွင်း လုံခြုံရေးအန္တရာယ်တွေ မြင့်မားလာမှုကြောင့် အမေရိကန်ဟာ အီရတ်နိုင်ငံရှိ သူ့သံရုံးကို ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြောင်း အမေရိကန် သတင်းရင်းမြစ် ၃ ယောက်နဲ့ အီရတ်သတင်းရင်းမြစ် ၂ ခုက ဇွန် ၁၁ ရက်မှာ ပြောကြားခဲ့ပြီး စစ်တပ်မိသားစုဝင်တွေဟာ ဘာရိန်းကို ထွက်ခွာနိုင်ကြောင်း အမေရိကန် အရာရှိတယောက်က ပြောပါတယ်။
“နိုင်ငံခြားရေးဌာနက ဘဂ္ဂဒက်မှာရှိတဲ့ အမေရိကန်သံရုံးကို ထွက်ခွာဖို့ အမိန့်ထုတ်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး နည်းလမ်းတွေကနေ လုပ်ဆောင်ဖို့ ရည်ရွယ်ထားပေမဲ့ အကူအညီတောင်းလာရင်တော့ အမေရိကန်စစ်တပ်က အသင့်ရှိနေပါတယ်” လို့ အမေရိကန်အရာရှိတယောက်က ပြောကြားခဲ့ပါတယ်။
အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတယောက်ကတော့ ဒေသတွင်း တင်းမာမှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာတွေ ဖြစ်နိုင်ခြေရှိတာကြောင့် အမေရိကန်သံရုံး ဝန်ထမ်းတွေရဲ့ တစိတ်တပိုင်း ရွှေ့ပြောင်းတာကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ပြောပါတယ်။
ဘယ်လိုလုံခြုံရေးအန္တရာယ်ကြောင့် ထွက်ခွာဖို့ ချက်ချင်း ဆုံးဖြတ်ချက်ချခဲ့တယ် ဆိုတာကိုတော့ သတင်းရင်းမြစ်တွေက မပြောခဲ့ပါဘူး။
နိုင်ငံခြားရေးဌာနကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ သူ့ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေ မအောင်မြင်ရင် အီရန်ကို တိုက်ခိုက်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပြီး အထူးသဖြင့် ယူရေနီယံတိုးမြှင့်မှုကို ရပ်တန့်ဖို့ဆိုတဲ့ အမေရိကန်ရဲ့ အဓိကတောင်းဆိုချက်ကို တီဟီရန်က လက်ခံလိမ့်မယ်လို့ မျှော်လင့်ချက်က နည်းလာပြီလို့ ထရမ့်ပ်က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။
အီရန်ကာကွယ်ရေးဝန်ကြီး အာဇစ်ဇ် နာဆီရ်ဇာဒေး ကလည်း နျူကလီးယား ဆွေးနွေးပွဲတွေ မအောင်မြင်ရင် အီရန်က အမေရိကန်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မှာဖြစ်ပြီးတော့ စစ်ပွဲ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
Source: Reuters