
ဆော်ဒီအာရေးဗီးယားနိုင်ငံ အလယ်ပိုင်း ရီယဒ်ဒေသနဲ့ အနောက်ဘက် မက်ဒီနာဒေသတို့ကို ဖြတ်သန်းသွားတဲ့ အရှေ့-အနောက် ရေနံပိုက်လိုင်းကို စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက ဒရုန်းနဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခံခဲ့ရတာကြောင့် လူတချို့ ထိခိုက်ဒဏ်ရာရကာ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဆော်ဒီရေနံပိုက်လိုင်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဟာ အီရတ်နိုင်ငံဘက်က ပစ်လွှတ်ခဲ့တာဖြစ်ပြီး ကြိုတင်ကာကွယ်ရေးအတွက် ပိုက်လိုင်းကို ယာယီပိတ်ထားလိုက်ပြီလို့ ဆိုပါတယ်။
ဒီပိုက်လိုင်းဟာ ဟော်မုဇ်ရေလက်ကြားကို ရှောင်ကွင်းကာ ပင်လယ်နီဆိပ်ကမ်း ယန်ဘူအထိ ရေနံစိမ်းပို့လွှတ်နိုင်အောင် ဆော်ဒီက အမြောက်အမြား ရင်းနှီးမြှုပ်နှံထားတဲ့ အဓိက အခြေခံ အဆောက်အအုံ ဖြစ်ပါတယ်။
အခင်းဖြစ်ပြီးပြီးချင်းမှာပဲ အရေးပေါ်နဲ့ နည်းပညာအဖွဲ့တွေ ရောက်ရှိလာပြီး ပိုက်လိုင်းကို ဘေးကင်းအောင် စီစဉ်တာ၊ ထိခိုက်ပျက်စီးမှုကို စစ်ဆေးတာတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို ဆော်ဒီဘက်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး အီရတ်ဝန်ကြီးချုပ်ရဲ့ တောင်းဆိုချက်အရ လက်ရှိမှာ တုံ့ပြန်တိုက်ခိုက်မှု မလုပ်သေးဘဲ ဆိုင်းငံ့ထားတယ်လို့ ဆိုပါတယ်။
အီရတ်အစိုးရအနေနဲ့ သူတို့နယ်မြေထဲကနေ ဆော်ဒီကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ မဖြစ်အောင် လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ အခွင့်အရေးပေးတဲ့အနေနဲ့ အခုလို စောင့်ကြည့်ပေးတာလို့လည်း သိရပါတယ်။
ဆော်ဒီဘက်က လက်တုံ့ပြန်မှု အချိန်ဆိုင်းပေးလိုက်တာကို အီရတ်ဘက်က ကြိုဆိုလိုက်ပြီး ဆော်ဒီရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ ဘယ်လိုတိုက်ခိုက်မှုကိုမဆို ရှုတ်ချကြောင်းနဲ့ တာဝန်ရှိသူ တွေကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားကြောင်း အီရတ်တပ်မတော်က ထုတ်ပြန်ပါတယ်။
အီရတ်ဝန်ကြီးချုပ် အလီ အယ်လ် ဇိုင်ဒီ က တာဝန်ရှိသူတွေကို ဥပဒေအတိုင်း အရေးယူမှာဖြစ်ပြီး အီရတ်နယ်မြေနဲ့ ဝေဟင်ပိုင်နက်ကို ဘယ်နိုင်ငံကိုမျှ တိုက်ခိုက်ဖို့ အသုံးပြုခွင့် ပေးမှာ မဟုတ်ဘဲ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက် မနက်အစောပိုင်းမှာတော့ ဒီတိုက်ခိုက်မှုဟာ အီရတ်နိုင်ငံ မေးဆန် ပြည်နယ်မှ ပစ်လွှတ်ခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တာကြောင့် ဝန်ကြီးချုပ် အယ်လ်ဇိုင်ဒီက မေးဆန်စစ်ဆင်ရေးဌာနချုပ်အတွက် စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းလိုက်ပြီး အဲဒီပြည်နယ် က စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူကိုလည်း ရာထူးမှ ဖယ်ရှားလိုက်ပါတယ်။
Source: Reuters











