
ရခိုင်ပြည်နယ်ကိုပို့မယ့် တန်ဖိုးငွေကျပ် သန်း ၈,၀၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ပဲခူးတိုင်းထဲမှာ ဖမ်းမိတယ်လို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့က ဇွန် ၁၂ ရက် ဒီနေ့ညမှာ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန် ၄ ရက်နေ့ မွန်းလွဲပိုင်းက ပြည်-အောင်လံသွားကားလမ်းက တိုးဂိတ်နားမှာ မူးယစ်ဆေးဝါးတွေ အရောင်းအဝယ်လုပ်မယ် ဆိုတဲ့ သတင်းအရ စောင့်ဆိုင်းနေခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ အောင်ဇော်ဦးမောင်းနှင်တဲ့ Toyota Prado ကားပေါ်ကနေ ဘိုဘိုအောင် မောင်းနှင်ပြီး ဇင်သူအောင်၊ အောင်ပြည့်ဖြိုး တို့ လိုက်ပါလာတဲ့ I-Zone ကားပေါ်ကို လွှဲပြောင်းတင်ဆောင်နေတုန်း ရှာဖွေစစ်ဆေးခဲ့ရာမှာ သူတို့ ၄ ယောက်နဲ့အတူ စိတ်ကြွရူးသွပ်ဆေးပြားရေ ၅ သိန်းကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးဖော်ထုတ်ချက်တွေအရ အောင်ဇော်ဦး ငှားရမ်းနေထိုင်တဲ့ ပြည်မြို့၊ ဆွေးနွေးဘုရားလမ်းကနေအိမ်ကို ဆက်လက်ရှာဖွေခဲ့ရာမှာ ကျော်ဇင်နဲ့အတူ စိတ်ကြွဆေးပြား ၄၂ ဒသမ ၈၈၅ သိန်း ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားတွေ သယ်ဆောင်ခိုင်းသူ သိန်းဌေး နဲ့ သူ့ရဲ့ဇနီး မနန်းခမ်းဖိန် တို့ကို ဇွန် ၆ ရက်နေ့ ညနေပိုင်းက ၃ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ မိုးကြိုးပစ်ရွာမှာ Toyota Landcruiser ကားနဲ့အတူ ဖမ်းမိခဲ့ပြီး ဇွန် ၇ ရက်နေ့မနက်မှာလည်း စိုင်းဗညားမြင့်အောင်(ခ)ပီးပီး(ခ)စစ်ကား နဲ့ မင်းလွင်ဦး တို့ကို မင်္ဂလာဒုံမြို့နယ်၊ စွယ်တော်စီးတီးအိမ်ရာ ကားပါကင်မှာ Hyundai Grand Starex ကားပေါ်ကနေ စိတ်ကြွဆေးပြား ၁၀ သိန်းနဲ့အတူ ထပ်ဖမ်းဆီးရမိတာကြောင့် စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ် သန်း ၈,၁၈၀ ကျော်ရှိတဲ့ စိတ်ကြွဆေးပြား ၅၇ ဒသမ ၈၈၅ သိန်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးဖော်ထုတ်ချက်တွေအရ ရှမ်းပြည်နယ်ကနေရခိုင်ပြည်နယ်ကို စိတ်ကြွဆေးပြားတွေ တင်ပို့ရောင်းချသူဟာ ရှမ်းပြည်နယ်၊ ကျေးသီမြို့နယ်၊ ဝမ်ဟိုင်းနေ ထွန်းစီ နဲ့ ဇနီး မနန်းရွှေရင်(ခ)နန်းမိုင်းခမ်း(ခ)နန်းခမ်းကြာ တို့ဖြစ်ပြီး ပြည်မြို့မှာ သိန်းဌေး နဲ့ အောင်ဇော်ဦး တို့က နေအိမ်ငှားရမ်းသိုလှောင်ပြီး ရခိုင်ပြည်နယ်ကို ပို့ပေးတာလို့ ဆိုပါတယ်။
ပြီးတော့ မန္တလေးမြို့ကတဆင့်ရန်ကုန်၊ ရန်ကုန်ကတဆင့် ရခိုင်ပြည်နယ်ကိုတင်ပို့ရောင်းချသေးပြီး ရခိုင်ပြည်နယ်က စိတ်ကြွဆေးပြားသယ်ဆောင်ရောင်းဝယ်သူကတော့ ထင်ထင်ကျော်(ခ) ရခိုင်ဖြစ်ကြောင်း သိရှိရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
သူတို့ကို အရေးယူထားပြီး ကွင်းဆက်တွေကို ဆက်ဖော်ထုတ်နေသလို သူတို့ရဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာကနေရတဲ့ ငွေကြေးအကျိုးအမြတ်တွေ၊ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
Photo : CCDAC MYANMAR