DVB Logo
Home
မြန်မာသတင်း
ဆင်းရဲမွဲတေမှု၊ စာသင်ခန်းနှင့် ဝေးကွာမှုတို့ကြောင့် ကလေးအလုပ်သမား တိုးလာ
DVB
·
June 12, 2025
ဆင်းရဲမွဲတေမှု၊ စာသင်ခန်းနှင့် ဝေးကွာမှုတို့ကြောင့် ကလေးအလုပ်သမား တိုးလာ
Donate to DVB

ဝေဝေ

ဆင်းရဲမွဲတေတာ၊ စာသင်ခန်းနဲ့ ဝေးကွာလာတာကြောင့် လုပ်ငန်းခွင်ထဲ ရောက်ရှိနေကြတဲ့ ကလေးအရေအတွက်ဟာ အာဏာမသိမ်းခင်ကထက် ပိုတိုးလာတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဇွန် ၁၂ ရက်ကို ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်ရေးနေ့ (World Day Against Child Labour) အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားတာပါ။

ကမ္ဘာပေါ်က ကလေး သန်း ၁၆၀ က ကလေးအလုပ်သမားတွေ ဖြစ်ကြပြီး ကလေး ၁၀ ယောက်မှာ တယောက်က ကလေးလုပ်သားဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့  (ILO) နဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အာဏာမသိမ်းခင်က မြန်မာနိုင်ငံမှာလည်း လုပ်ငန်းခွင်ထဲ ရောက်ရှိနေကြတဲ့ အသက် ၁၈ နှစ်အောက် ကလေး ၄၀၀,၀၀၀ နီးပါးရှိပြီး ၂၀၀,၀၀၀ ကျော်ကတော့ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်ထဲမှာ ရောက်ရှိနေတယ်လို့ ၂၀၂၀ ပြည့်နှစ်၊ နှစ်စဉ်လုပ်သားအင်အားစစ်တမ်း (ပထမအကြိမ်) အစီရင်ခံစာအရ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကလေးအလုပ်သမားတွေက မိသားစုရပ်တည်ရေးကြောင့် လုပ်ငန်းခွင်တွေမှာ ပိုမိုများပြားလာကြောင်းကို မြေပြင်မှာ အလုပ်သမားတွေအရေး ကူညီလုပ်ဆောင်နေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) ရဲ့ တာဝန်ရှိသူ ဒေါ်မျိုးမျိုအေးက ပြောပါတယ်။

“၁၇ နှစ်၊ ၁၆ နှစ်၊ ၁၅ နှစ်၊ တချို့ ၁၄ နှစ်လောက်အထိ မြင်ရတာတွေရှိတယ်။ ဒါကတော့ စက်မှုလုပ်ငန်းခွင် အထည်ချုပ်တို့ လူသုံးကုန် စားသောက်ကုန်တွေပေါ့။ အဲဒီထက် အသက်ငယ်တာတွေက ဘယ်မှာတွေ့ရလဲဆိုတော့ စားသောက်ဆိုင်တွေ ကုန်စုံဆိုင် ကုန်ခြောက်ဆိုင်တို့ စတိုးဆိုင်တို့မှာ အကူတွေအနေနဲ့လည်း ကလေးလုပ်သားတွေ တွေ့နေရတယ်။ ကလေးလုပ်သားတွေရဲ့ ဝင်ငွေပေါ့။ အဲဒီဝင်ငွေနဲ့ မိသားစုက ရပ်တည်ကြတဲ့အတွက်ကြောင့်မို့လို့ သူတို့က လုပ်ငန်းခွင်ထဲရောက်နေတာ။ လက်ရှိအနေအထားမျိုးမှာ ကလေးလုပ်သား ပပျောက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တိုင်းပြည်က ဆင်းရဲတယ်၊ စစ်ဖြစ်နေတယ်၊ တခုပဲ ဆိုးဝါးတဲ့ လုပ်ငန်းခွင်ထဲမှာ အလုပ်မလုပ်နေဖို့ကတော့ ကျမတို့ တားမြစ်ဖို့လိုတယ်။ လုပ်တော့လုပ် ကလေးနဲ့မမျှတဲ့ အလုပ်တွေကို လုပ်နေရတယ် ဆိုရင်တော့ ကျမတို့က ဒါကို ဝိုင်းဝန်း တားမြစ် ကန့်ကွက်ဖို့လိုတယ်။”

၂၀၁၆ ခုနှစ် “ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ” အရ အနိမ့်ဆုံးလုပ်ငန်းခွင် ဝင်ရောက်နိုင်တဲ့ အသက်အရွယ်ကို ၁၄ နှစ်အထိ သတ်မှတ်ပေးထားပြီး အသက် ၁၈ နှစ်အောက် ဘယ်လိုအလုပ်သမားကိုမှ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်လို့ သတ်မှတ်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်မလုပ်ဖို့ ပြဋ္ဌာန်းထားပါတယ်။

ကလေးတွေဟာ ဆင်းရဲမွဲတေမှုတွေအပြင် စာသင်ခန်းနဲ့ ဝေးကွာလာတဲ့အတွက် အခုလို ကလေးလုပ်သားတွေ တိုးလာတာဖြစ်လို့ ကလေးလုပ်သား လျော့ကျဖို့ဆိုရင် စာသင်ခန်းတွေ ဖန်တီးပေးဖို့လိုကြောင်း လမ်းဘေးစာသင်ဝိုင်းကို ဦးဆောင်နေတဲ့ ဆရာဖြိုးက ပြောပါတယ်။

“လွန်ခဲ့တဲ့ လေးငါးနှစ်က အချိန်နဲ့ အခုအချိန်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကလေးတွေက ပိုတိုးလာတယ်လို့ ပြောရမယ်။ ကျနော်တို့ဆီ စာလာသင်တဲ့ ကလေးအများစုကလည်း ပလုံကောက်ကြတာရှိတယ်။ လှိုင်သာယာ စက်မှုဇုန်တွေမှာ အလုပ်ဆင်းရတဲ့ ကလေးတွေ ရှိတယ်ပေါ့။ လှည်းတန်း ကန်ပေါင်မှာဆိုလည်း ဈေးခြင်းရောင်းတဲ့ ကလေးတွေလည်းရှိတယ်။ မိဘရဲ့အလုပ်ကို ဝိုင်းကူနေရတဲ့ ကလေးလည်းရှိတယ်။ တချို့ကတော့ ပိုက်ဆံလိုက်တောင်းရတဲ့ ကလေးတွေလည်း ရှိတယ်ပေါ့။ 80 percent လောက် ကလေးတွေက တယောက်တမျိုးစီ အလုပ်လုပ်ကြရတာ ရှိတယ်။ ကလေးတွေကို စာသင်ခန်းတွေ စာသင်ကျောင်းတွေ စာသင်ဝိုင်းတွေ ဒါတွေနဲ့ ပြန်ပြီး ထိတွေ့ပေးရမယ်။ ဒါ အရေးကြီးဆုံးပေါ့။ ဘာလို့လဲဆိုရင် လုပ်ငန်းခွင်ထဲ ရောက်သွားတဲ့ ကလေးအများစုက ကျောင်းပြင်ပနဲ့ ဝေးတော့မှ လုပ်ငန်းခွင်ထဲ ရောက်ကြတာကိုး။ ကျောင်းခန်းထဲကို ပြန်သွင်းနိုင်မယ်ဆိုရင် ပညာရေးနဲ့ နီးစပ်အောင် လုပ်နိုင်မယ်ရင် တဖက်က အလုပ်လုပ်တဲ့ ကလေးဦးရေကလည်း လုံးဝကြီး ပပျောက်သွားတာ မဟုတ်ရင်တောင် လျော့ကျသွားအောင် လုပ်နိုင်မယ်လို့ထင်တယ်။”

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးတာ၊ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရတာနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးအလုပ်သမား ၁ သန်းကျော်ရှိနေပြီး အဲဒီအထဲ ၆ သိန်း ကျော်က အကာအကွယ်မဲ့တဲ့ လုပ်ငန်းခွင်မှာ ရှိနေကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013