DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် ပြည်ပနိုင်ငံများအကြား ပင်လယ်ရေကြောင်းကုန်သွယ်မှု ယမန်နှစ်ကထက် တိုးလာ
DVB
·
February 21, 2023
မြန်မာနှင့် ပြည်ပနိုင်ငံများအကြား ပင်လယ်ရေကြောင်းကုန်သွယ်မှု ယမန်နှစ်ကထက် တိုးလာ
Donate to DVB

မြန်မာနဲ့ ပြည်ပနိုင်ငံတွေအကြား ပင်လယ်ရေကြောင်းကတဆင့် အပြန်အလှန်ကုန်သွယ်မှုဟာ အခုဘဏ္ဍာရေးနှစ် ၁၀ လတာ ကာလအတွင်းမှာ ကုန်သွယ်မှုပမာဏငွေ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၂၄ ဘီလီယံ ရရှိထားတာကြောင့် ကာလတူ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင် ၁၉ ဒသမ ၄ ရာခိုင်နှုန်း မြှင့်တက်မှု ရှိလာတယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားကူးသန်းဝန်ကြီး ဌာနက ဆိုပါတယ်။

ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ၂၀၂၂ ခုနှစ် ဧပြီ မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အထိ လပေါင်း ၁၀လတာ ကာလအတွင်းမှာ  မြန်မာနိုင်ငံအနေနဲ့ ပင်လယ်ရေကြောင်းကတဆင့် ပို့ကုန်တင်ပို့မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၂ ဘီလီယံ ရှိတာကြောင့် ပြီးခဲ့တဲ့နှစ် ကာလတူအခြေအနေနဲ့ယှဉ်ရင် ၁၀ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မှု ရှိပါတယ်။

အလားတူ ပင်လယ်ရေကြောင်းကတဆင့် သွင်းကုန် တင်သွင်းမှု ပမာဏကလည်း အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ စွန်းစွန်း ရှိတာကြောင့် ပြီးခဲ့တဲ့နှစ် ကာလတူ အခြေအနေနဲ့ယှဉ်ရင် ၂၆ ဒသမ ၉ ရာခိုင်နှုန်း မြှင့်တက်မှု ရှိလာပါတယ်။

ဒါကြောင့် လက်ရှိဘဏ္ဍာရေးနှစ် ၁၀လတာ ကာလအတွင်းမှာ ပင်လယ်ရေကြောင်းကတဆင့် မြန်မာ နဲ့ ပြည်ပနိုင်ငံတွေအကြား အပြန်အလှန် ကုန်သွယ်မှုကို နှိုင်းယှဉ်တဲ့အခါ သွင်းကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ရှိပြီး ပို့ကုန်ဝင်ငွေက အမေရိကန်ဒေါ်လာ ၉ ဘီလီယံသာ ရှိတာကြောင့် ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ လိုနေတာ တွေ့ရပါတယ်။

ဒါပေမဲ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာ မြန်မာနိုင်ငံက နှစ်စဉ် ကုန်သွယ်မှု လိုငွေပြခဲ့ပြီး သူအာဏာသိမ်းထားတဲ့ကာလမှာတော့ ကုန်သွယ်မှု ပိုငွေ ရရှိထားတယ်လို့ မကြာခဏ ပြောဆိုလေ့ ရှိတာပါ။

စစ်ခေါင်းဆောင်ပြောသလို မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှုမှာ ပိုငွေ ရထားတယ်ဆိုတဲ့ အချက်ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေတော့ မဟုတ်ဘူးလို့ စီးပွားရေးသုတေသီတွေက သုံးသပ်ပြောပါတယ်။

စီးပွားရေးနဲ့မူဝါဒရေးရာ သုတေသီတဦးက “ကျနော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲတိုင်းပြည်က များသောအားဖြင့် သွင်းကုန်က အမြဲလိုနေတာ။ ဘာကြောင့်လဲဆိုရင် မရှိမဖြစ် သွင်းရတဲ့ အရေးကြီး ပစ္စည်းတွေက သွင်းဖို့လိုတယ်နော်။ ဖွံ့ဖြိုးဆဲတိုင်းပြည် တွေမှာ လိုအပ်တဲ့ ကုန်ကြမ်း စက်ကိရိယာအကုန်လုံးက ပြည်ပကနေ တင်သွင်းရတာ။ ဘာလို့လဲဆို ကိုယ့်နိုင်ငံက ဘာမှ မရှိဘူးလေ။ အဲ့လို သွင်းနေရတဲ့ အချိန်မှာ ကုန်သွယ်မှုက အနုတ်လက္ခဏပြမှာပဲ။ ဒါက ဖွံ့ဖြိုးဆဲတိုင်းပြည်တွေ အကုန်လုံးပဲ  အနုတ်လက္ခဏာပြတာ။ ဒါပေမဲ့ ပြတဲ့ အနုတ်လက္ခဏာက တိုင်းပြည်ရဲ့စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး(GDP)ရဲ့ ၅ ရာခိုင်နှုန်းပဲ ရှိရမယ်ဆိုပြီး စီးပွားရေးသီအိုရီအရ ကန့်သတ်ထားတာရှိတယ်။ ဒီပမာဏဆိုရင် တိုင်းပြည်ရဲ့စီးပွားရေး အပေါ် ထိခိုက်မှု သိပ်မရှိဘူးလို့ ဆိုနိုင်တယ်။ ဒါပေမဲ့ သွင်းတာ အရမ်းများသွားလို့ GDP ရဲ့ ၁၀ ရာခိုင်နှုန်းအထိ ရှိတယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးက ပျက်တတ်တယ်။ ဒါက သီအိုရီအရ ပြောတာနော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခု ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ် ၁၀လတာ ကာလအတွင်းမှာ ပင်လယ်ရေကြောင်း အပါအဝင် နယ်စပ်လမ်းကြောင်း တို့ကတဆင့် မြန်မာနဲ့ ပြည်ပနိုင်ငံတွေအကြား အပြန်အလှန် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၃ ဘီလီယံ ရရှိထားတဲ့အနက် နယ်စပ်ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၇ ဒသမ ၉ ဘီလီယံ ရရှိထားပါတယ်။

Photo- မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013