DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ပိုများလာနိုင်ဟု အိုင်အယ်လ်အို ထုတ်ပြန်
DVB
·
June 16, 2022
မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ပိုများလာနိုင်ဟု အိုင်အယ်လ်အို ထုတ်ပြန်
Donate to DVB

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း အလုပ်အကိုင်ဆုံးရှုံးမှု ၁ ဒသမ ၆ သန်းလောက်ရှိနေပြီး ကလေးအလုပ်သမားတွေလည်း ပိုမိုများပြားလာနိုင်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) က ထုတ်ပြန်ထားပါတယ်။

ဇွန် ၁၂ ရက်မှာကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးအပြင် စစ်တပ်က အာဏာသိမ်းယူခဲ့တာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားတာတွေလို အဘက်ဘက်က သက်ရောက်မှုတွေကြောင့် အခုလိုဖြစ်လာတာလို့ ဆိုပါတယ်။

အိုင်အယ်လ်အိုရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်၊ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ မစ္စတာ ဒေါင်လင်းလီက “မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေနဲ့ ဆိုးရွားတဲ့ မြန်မာ့စီးပွားရေးကြောင့် မိသားစုအမြောက်အမြားဟာ ဆင်းရဲကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်လာနေရပါတယ်။ ဒီလိုအကျပ်အတည်းကာလလိုမျိုးမှာ ကလေးအလုပ်သမား အဖြစ်ကနေ နည်းလမ်းမျိုးစုံနဲ့ ကာကွယ်တားဆီးဖို့အတွက် လူမှုအကာအကွယ်ပေးရေး အစီအစဥ်တွေကို ပါဝင်ပတ်သက်သူတွေအားလုံး ဒီထက်ပိုပြီး အတူတူကြိုးပမ်းအားစိုက် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၇ နှစ်အကြားရှိ ကလေး ၁၂ သန်းခန့်ရှိပြီး အဲဒီအထဲက ၁၀ ယောက်မှာ တယောက်နှုန်း ကလေးလုပ်သားအဖြစ် လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။ အဆိုပါကလေးငယ်တွေဟာ ဘေးအန္တရာယ်ရှိတဲ့ လုပ်ငန်းတွေနဲ့ အသက်အန္တရာယ်အထိ ရှိနိုင်တဲ့ လုပ်ငန်းတွေမှာ စွန့်စားလုပ်ကိုင်နေရတာကို တွေ့ရှိရတယ်လို့လည်း အိုင်အယ်လ်အိုရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

ဇွန် ၁၂ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အဆိုးဝါးဆုံးသောပုံစံနဲ့ ခိုင်းစေခံနေရတဲ့ ကလေးအလုပ်သမား ပပျောက်ရေးနဲ့ ကာကွယ်တားဆီးရေးတို့အတွက် ဘက်ပေါင်းစုံက ပါဝင်ပတ်သက်သူတွေကို အရှိန်မြှင့်ပြီး ပိုမိုလုပ်ဆောင်ကြဖို့ကိုလည်း အိုင်အယ်လ်အိုမြန်မာက တိုက်တွန်း နှိုးဆော်ထားပါတယ်။

ပြီးခဲ့တဲ့လက စတင်ကျင့်သုံးခဲ့တဲ့ (Durban Call to Action) ဒါဘန်လှုံ့ဆော်ချက်အရ လုပ်ငန်းခွင်ကို ဝင်ရောက်နိုင်တဲ့ အနိမ့်ဆုံးအသက်နဲ့ အထက်ရှိတဲ့ အရွယ်ရောက်ပြီးသူနဲ့ လူငယ်လူရွယ်တွေအတွက် သင့်တင့်ကောင်းမွန်တဲ့ အလုပ်အကိုင်ဖြစ်စေရေး အိုင်အယ်လ်အိုမြန်မာဟာ သူတို့ရဲ့ကတိကဝတ်အတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အခုနှစ်ကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်တဲ့ “ကလေးအလုပ်သမားပပျောက်ရေး လူမှုအကာအကွယ်ပံ့ပိုးပေး” ဆိုတဲ့အတိုင်း အိုင်အယ်လ်လိုမြန်မာဟာ ဒေသခံအဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးရေးမိတ်ဘက်အဖွဲ့အစည်းတွေနဲ့ လူမှုမိတ်ဘက်အဖွဲ့အစည်းတွေနဲ့ သင်တန်းတွေ၊ အသိပညာပေး မြှင့်တင်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို e-learning programme နဲ့အတူ တခြားစိတ်ဝင်စားဖွယ် လှုပ်ရှားမှုတွေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013