DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားဆိုင်ရာ ပညာရေးအစီအစဉ်သစ် အိုင်အယ်လ်အို စတင်
DVB
·
June 6, 2022
မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားဆိုင်ရာ ပညာရေးအစီအစဉ်သစ် အိုင်အယ်လ်အို စတင်
Donate to DVB

မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားအခြေအနေဟာ ပိုမိုဆိုးရွားနေနိုင်တယ်လို့ ခန့်မှန်းရပြီး ကလေးအလုပ်သမားအရေးနဲ့ ဆက်စပ်ပတ်သက်သူတွေအတွက် ကလေးအလုပ်သမားဆိုင်ရာ မြန်မာအီလက်ထရောနစ် သင်ကြားရေးအစီအစဉ်တရပ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) မြန်မာက စီစဉ်လိုက်ပါတယ်။ 

မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့နဲ့ လေ့လာသင်ယူနိုင်မယ့် သင်ခန်းစာတွေကို ဒီဂျစ်တယ် သင်ကြားရေးပလက်ဖောင်းဖြစ်တဲ့ https://ecampus.iloyangon.org မှာ ဇွန် ၁၂ ရက်နေ့၊ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့က စလို့ ကိုယ်တိုင်ကိုယ်ကျ စတင်ဝင်ရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ 

လတ်တလောမှာတော့ မြန်မာနိုင်ငံက ကလေးအလုပ်သမားစာရင်းကို အိုင်အယ်လ်အို မြန်မာက ကောက်ယူထားတာမရှိသေးဘဲ  နိုင်ငံလုံးဆိုင်ရာ ကိန်း၊ ဂဏန်းအချက်အလက်တွေအတွက် Labour Force Survey 2015 ကို သုံးနေပါတယ်။  အဲဒီအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား ၁၂ သိန်းကျော်ရှိပြီး ထက်ဝက်ကျော်လောက်က  အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရတယ်လို့  ဆိုပါတယ်။

အိုင်အယ်လ်အိုက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရလည်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ ကလေးအလုပ်သမားနှုန်းဟာ တကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းတွေထက် ၇၇ ရာခိုင်နှုန်း၊ ဘေးအန္တရာယ်ရှိတဲ့ ကလေးအလုပ်သမားနှုန်းဟာ ၅၀ ရာခိုင်နှုန်း ပိုများနေတာကြောင့် အဲဒီအစီရင်ခံအရ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ကလေးအလုပ်သမားအခြေအနေဟာ ပိုပြီးဆိုးရွားနေနိုင်တယ်လို့ ခန့်မှန်းရကြောင်းလည်း ဆိုပါတယ်။

အိုင်အယ်လ်အိုရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ ဒေါင်လင်းလီက “မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၊ နိုင်ငံရေးနဲ့ လုံခြုံရေး အကျပ်အတည်းတွေကြောင့်  စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ကျောင်းတွေ ပိတ်ထားရလို့ ကလေးအလုပ်သမားအခြေအနေတွေက ပိုမိုဆိုးရွားလာပါတယ်။ သန်းပေါင်း များစွာသော ကလေးတွေဟာ အန္တရာယ်ရှိနေတဲ့ အခြေအနေကိုရောက်ရှိနေပြီး စွမ်းဆောင်ရည်မြှင့်တင်ဖို့နဲ့ အချိန်နဲ့တပြေးညီ စုပေါင်း တုံ့ပြန်ဆောင်ရွက်ဖို့က အရင်ကထက်ပိုပြီး အရေးပါလာပါပြီ” လို့ ပြောပါတယ်။

အွန်လိုင်းကနေ သင်ယူနိုင်မယ့် သင်ခန်းစာတွေမှာ ခေါင်းစဉ် ၉ ခုပါဝင်ပြီး ကိုယ်ပိုင်အကောင့်ဖွင့်လှစ် ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ သင်ခန်းစာဟာ အရပ်ဘက် မိတ်ဖက်အဖွဲ့အစည်းတွေ၊ လူမှုဝန်ထမ်းတွေ၊ အလုပ်ရှင်တွေနဲ့ အလုပ်သမား အဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ လူမှုအသိုင်းအဝန်းတွေမှာ ကလေးအလုပ်သမားဆိုင်ရာ ကိစ္စရပ်တွေကို ထိထိရောက်ရောက် လေ့လာဆန်းစစ်ပြီး ဝိုင်းဝန်းထုတ်ဖော်ပြောဆိုပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ အိုင်အယ်လ်အို က ဆိုပါတယ်။ 

တိုက်ရိုက်သင်ကြားတာ၊ နည်းပြက ဦးဆောင်သင်ကြားတာနဲ့ တောင်းဆိုတာတွေအပေါ် အခြေခံတဲ့ အွန်လိုင်းသင်ကြားတာဆိုပြီး ကဏ္ဍစုံပါဝင်ပါတယ်။

သင်ခန်းစာတခုကို ပြီးမြောက်အောင် သင်ယူဖို့ကတော့ သင်ယူသူတဦး တယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်၊ ဘာသာရပ်အပေါ် ရင်းနှီးကျွမ်းဝင်မှု၊ လေ့လာမှုနှုန်းတွေနဲ့ တခြား အကြောင်းအရာတွေ အပေါ် မူတည်နိုင်ပြီး ပျမ်းမျှ မိနစ် ၃၀ ကနေ ၄၀ လောက် ကြာမြင့်နိုင်တယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကျင်းပခဲ့တဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ၅ ကြိမ် မြောက် ကမ္ဘာလုံးဆိုင်ရာ ညီလာခံမှာဖြန့်ချိခဲ့တဲ့ အိုင်အယ်လ်အိုနဲ့ UNICEF ဌာနချုပ်တို့ရဲ့ အစီရင်ခံစာအရ ၂၀၂၀ ပြည့်နှစ် အစမှာ ကမ္ဘာပေါ်ရှိ ကလေးအလုပ်သမားဦးရေ သန်း ၁၆၀ ခန့် - ဆိုလိုသည်မှာ ကလေး ၁၀ ဦးတွင် ၁ ဦးနီးပါးသည် ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရသည်။

ပိုဆိုးလာတဲ့ ဆင်းရဲမွဲတေနှုန်းနဲ့  ထိလွယ်ခိုက်လွယ် အခြေအနေတွေကြောင့် ကလေးအလုပ်သမား လျှော့ချရေး နည်းဗျူဟာတွေကို ထိထိရောက်ရောက်မလုပ်ဘူးဆိုရင် ၂၀၂၂ ခုနှစ်အကုန်မှာ ကလေးအလုပ်သမားဦးရေဟာ ၈ ဒသမ ၉ သန်းလောက်အထိ တိုးလာနိုင်တယ်လို့လည်း အိုင်အယ်လ်အိုက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013