DVB Logo
Home
မြန်မာသတင်း
ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း၌ တိုက်ပွဲဖြစ်၊ စစ်တပ်က လူသူလက်နက်အင်အား ဖြည့်တင်း
DVB
·
June 12, 2025
ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း၌ တိုက်ပွဲဖြစ်၊ စစ်တပ်က လူသူလက်နက်အင်အား ဖြည့်တင်း
Donate to DVB

ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က လူသူလက်နက် အင်အား ဖြည့်တင်းနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကပါ တိုက်ခိုက်နေပါတယ်။

ဇွန် ၁၀ ရက်က  ကော့ကရိတ်မြို့အနီး၊ မြပတိုင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ကော့ကရိတ်မြို့အနီးနဲ့ ကျုံဒိုးမြို့အနီးတဝိုက်ကို တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ စစ်ကောင်စီက မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကိုပါ ပစ်ခတတိုက်ခိုက်နေပါတယ်။

စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “မြပတိုင်ဘက်မှာ တိုက်ပွဲအကြီးအကျယ် ဖြစ်သေးတယ်။ အဲဒီဘက်ကို ဗုံးတွေသွားကြဲတာတွေ ရှိတယ်။ လက်ရှိ ဘားအံမြို့နယ် အတွင်းမှာတော့ ဂျိုင်းနဲ့ ကျုံဒိုး စစ်အင်အားတွေ ထပ်ဖြည့်နေတာကို ပုံစံအမျိုးမျိုးနဲ့ တွေ့နေရတယ်။ အိမ်စီးကားတွေနဲ့ ပြီးလို့ရှိရင် အရပ်သား ၆ ဘီးကားတွေနဲ့ လူအင်အားတွေ ဖြည့်တယ်။ စစ်လက်နက်ပစ္စည်းတွေ ဖြည့်တယ်ဆိုတာကို မြင်တွေ့နေရတယ်။ တနေ့ နည်းနည်း နည်းနည်းနဲ့ နေ့တိုင်းပို့နေတယ်” လို့ ပြောပါတယ်။

ကော့ကရိတ်မြို့တွင်းမှာ ထောင်နဲ့ချီ ပိတ်မိနေတဲ့ ပြည်သူတွေဟာ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့  ပိတ်မိနေတဲ့ မြို့ခံပြည်သူတွေက ပြောပါတယ်။

မြို့ခံတယောက်က “ကော့ကရိတ်မြို့ထဲမှာတော့  မပေးထွက်ဘူး။ ဆန်တွေ၊ ဆီတွေ ဈေးတက်နေတယ်လေ။ ဓာတ်ဆီတို့ စားဆီတို့ အကုန်။ အရင် တလီတာ ၁၀,၀၀၀ တန်က ၃၀,၀၀၀ ကျော် ဖြစ်သွားပြီ။ ဆီ ၅ လီတာ တဘူးဆိုရင် ၂၀၀,၀၀၀ ကျော်လောက် ဈေးပေါက်နေတယ်။ ကြက်ဥတွေတောင် တလုံးကို ၁,၅၀၀ တို့ ဖြစ်ကုန်တယ်။ ထွက်လို့မရဘူး။ တိုက်ပွဲတွေဖြစ်တာက မြို့ပြင်ဘက်တွေ။ အပြင်ကိုပေးမထွက်ဘဲ ပိတ်ထားလိုက်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဂျိုင်းမြစ်အတွင်း အများပြည်သူ သွားလာနေတဲ့ ကူးတို့ဆိပ်တွေကို ကူးသန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဘက်က ကော့ကရိတ်မြို့ အပါအဝင် ဘားအံ-ဂျိုင်းတံတား ကားလမ်းတလျှောက်နဲ့ ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတွေကနေ ခံစစ်အနေအထားနဲ့ လူသူလက်နက် အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013