DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နှမ်းခင်း ဧက ၆၀,၀၀၀ ကျော် ပျက်စီး
DVB
·
June 12, 2025
မကွေးတိုင်းတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နှမ်းခင်း ဧက ၆၀,၀၀၀ ကျော် ပျက်စီး
Donate to DVB

မကွေးတိုင်း၊ ပွင့်ဖြူ၊ စကု၊ စလင်း စတဲ့ မိုးကြိုနှမ်းစိုက်ပျိုးတဲ့ ဒေသတွေမှာ ပြီးခဲ့တဲ့ မေ ၂၅ ရက်ကနေ ဇွန် ၂ ရက်အထိ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် မိုးကြိုနှမ်းခင်းတွေ ဧက ၆၀,၀၀၀ ကျော် နစ်မြုပ်ပျက်စီးခဲ့ပါတယ်။

ဆက်တိုက်ရွာသွန်းခဲ့တဲ့မိုးကြောင့် နှမ်းစိုက်ခင်းတွေ ပျက်စီးကုန်ပြီး ပျက်စီးဆုံးရှုံးမှု များခဲ့တာကြောင့် အရှုံးသာ အဖတ်တင်ခဲ့တယ်လို့ ပွင့်ဖြူမြို့နယ်က နှမ်းစိုက်တောင်သူတယောက်က ပြောပါတယ်။

“ကျနော်တို့ စိုက်ပြီးကတည်းကကို ပုံမှန်တော့ အဆင်ပြေတာပေါ့။ မိုးမရွာတော့‌ ရေဖျန်းရတယ်။ ရေဖျန်းလည်း အဆင်ပြေနေတာပဲ။ နှမ်းလည်း တကယ်ကောင်းလာပြီလည်းဆိုရော အလွန်အမင်း ရွာလိုက်တာက ပျက်စီးမှုက ဖြစ်သွားတာ။ ရေဆိုရင် နှစ်ကြိမ်ဖျန်းပြီးသားတွေ။ လူခနဲ့ ဆီဖိုးဆိုရင် မနည်းကုန်တာလေ။ အဲ့တော့ အခက်အခဲက လောလောဆယ်က ဆုံးရှုံးမှုက အဖတ်တင်သွားတာပေါ့။  အပျက်အစီးက များသွားပြီလေ။”

စိုက်ချိန်စောတဲ့ နှမ်းခင်းတွေမှာ အပင်တွေ ရင့်လာသလောက်ရှိပေမဲ့ ရေနဲ့အတူ ရိတ်သိမ်းရတဲ့နှမ်းဟာ အပျက်အစီးများနိုင်သလို ရိတ်သိမ်းပြီးနောက်ပိုင်း မိုးရွာလာရင်လည်း သဘာဝနေရောင်ခြည်နဲ့ အခြောက်ခံထားတဲ့ နှမ်းတွေဟာ ပျက်စီးလာဖို့ပဲ ရှိပါတယ်။

ပွင့်ဖြူမြို့နယ် အရှေ့ပိုင်းက နှမ်းစိုက်တောင်သူ အမျိုးသမီးတယောက်ကတော့ လယ်လုပ်ရင်း နစ်မွန်းလာတဲ့ ဘဝအခြေအနေကို အခုလို ပြောပါတယ်။

“လုပ်လည်း မလုပ်ချင်တော့ဘူး။ စိတ်လည်းပျက်တာပေါ့။ မလုပ်တော့လည်း ကိုယ့်ရှိနေတော့လည်း မလုပ်လို့ကလည်း မဖြစ်။ ရနိုး၊ ရနိုးနဲ့ ဒီလိုပဲ နေရတော့တာပေါ့။ ကိုယ်တွေလည်း ဒိပြင်လုပ်ပါလား ဆိုတာ ငွေရေးကြေးရေးက အခက်အခဲရှိတယ်လေ။ ကိုယ့် ဒါလေးနဲ့ပဲ ရနိုးနဲ့ လုပ်ရင်းနဲ့ နစ်နစ်သွားတော့တာပေါ့။”

သဘာဝဘေးကြောင့် နှမ်းသီးနှံတွေ ပျက်စီးသလို ပြီးခဲ့တဲ့ မိုးစပါးရာသီမှာ စိုက်ပျိုးခဲ့တဲ့ အညာဒေသ ထိပ်တန်းစပါးလို့ ပြောလို့ရတဲ့ ဧရာမင်းစပါးတွေလည်း ထိုက်သင့်တဲ့ဈေးတွေ မရတဲ့အပြင် စပါးဝယ်သူနည်းလို့ မရောင်းရတဲ့အခြေအနေမှာ ရှိနေပါတယ်။

မိုးစပါးအပြီး ဆောင်းသီးနှံ ကုလားပဲ၊ ပဲကြီး ပေါ်ချိန်မှာလည်း ဈေးကွက်ပျက်ခဲ့လို့ မိုးကြိုနှမ်းကို အားတင်းစိုက်ပျိုးခဲ့ပေမဲ့လည်း အခုလို ပျက်စီးဆုံးရှုံးမှုနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

တောင်သူတွေမှာ စပါးဈေးပျက်သလို ကုလားပဲဈေးတွေလည်း ကျပြီး နှမ်းလည်းမရတဲ့အတွက် လက်ရှိ ၂၀၂၅ မိုးစပါးရာသီမှာလည်း စပါးစိုက်ပျိုးစရိတ် အခက်အခဲတွေရှိလာပြီး စိုက်ဧက လျှော့ချစိုက်ပျိုးမယ့် တောင်သူတွေ ပိုများလာပါတယ်။

ဒါကြောင့် တနှစ်ကို ရာသီမလပ် သုံးသီးစိုက်ပျိုးကြပေမဲ့လည်း သီးနှံတိုင်း  အပျက်အစီး အဆုံးအရှုံးတွေ ရင်ဆိုင်လာရတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းဟာ အကျိုးစီးပွား မဖြစ်တော့ဘူးလို့ တောင်သူတွေက သုံးသပ်လာကြပါတယ်။

ပွင့်ဖြူမြို့နယ်၊ လက်ပနွယ်ကျေးရွာက စပါးနဲ့ နှမ်းစိုက်ပျိုးသူ တောင်သူတယောက်က “မဖြစ်နိုင်တော့ဘူး။ တောင်သူလယ်သမားက လယ်ကနေ စီးပွားဖြစ်ဖို့က မျှော်လင့်လို့ မရတော့ဘူး။ လယ်က ဈေးကောင်းတယ်။ သို့သော် လယ်ကနေ အကျိုးအမြတ်က သိပ်မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိုခါလည်း မိုခါမို့၊ ခုလည်း ခုမို့လို့ လယ်သမားတွေမှာ အရှုံးပေါ်တာရှိတယ်။ ဘာဖြစ်လို့လဲဆို ကိုယ်ရင်းနှီးရင် ရင်းနှီးသလောက် ရှုံးတာကိုး။ ဒီပေါ်မှာ မလုပ်ချင်တော့ဘူး။ လယ်ကိုလည်း စိတ်ကုန်သွားပြီ” လို့ ပြောပါတယ်။

စလင်း၊ စကု၊ ပွင့်ဖြူ စတဲ့ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ဒေသတွေဟာ မိုးရာသီမှာ ဧရာမင်းစပါးကို အများဆုံးစိုက်ပျိုးကြပြီး ဆောင်းရာသီမှာတော့ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ စတဲ့ပဲတွေကို စိုက်ပျိုးကြပါတယ်။

မိုးကြိုရာသီမှာတော့ နှမ်းကို အဓိကထား စိုက်ပျိုးကြတာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ပွင့်ဖြူတမြို့နယ်လုံး ရေကြီးပြီး မိုးကြိုနှမ်းတွေ ပျက်စီးခဲ့ပြီးတဲ့နောက် ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ မိုးကြိုနှမ်းတွေ ဆက်တိုက်ပျက်စီးလာတာ ဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013