DVB Logo
Home
မြန်မာသတင်း
မလေးရှား သွားမည့် မြန်မာ ၃၃ ဦး ထိုင်းနိုင်ငံတွင် အဖမ်းခံရ 
DVB
·
June 12, 2025
မလေးရှား သွားမည့် မြန်မာ ၃၃ ဦး ထိုင်းနိုင်ငံတွင် အဖမ်းခံရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ထောင်းဖာဖူးမြို့နယ်ထဲမှာ မလေးရှားနိုင်ငံကို ဆက်သွားမယ့် တရားမဝင်မြန်မာနိုင်ငံသား ၃၃ ယောက် အဖမ်းခံရတယ်လို့  ဂျိုးချိုထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဇွန်လ ၁၁ ရက် မနက် က နယ်မြေထဲကို တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရလို့  နယ်မြေခံရဲတပ်ဖွဲ့၊  စစ်တပ်၊ အုပ်ချုပ်ရေးနဲ့ ရပ်ကျေးလုံခြုံရေးအဖွဲ့ဝင်တွေဟာ ထောင်းဖာဖူးမြို့နယ် ချလဲအုပ်စု ကိန်းကဝဲကျေးရွာအပိုင်း ကားလမ်းပေါ်မှာ စောင့်ကြပ်စစ်ဆေးစဉ် မနက် ၃ နာရီခွဲလောက်မှာ ဆန်ခလပူရီဘက်ကနေ အနက်ရောင်တိုယိုတာဝီဂို့ ဟိုင်းလပ်စ်ကားတစီး မောင်းဝင်လာခဲ့တယ်။ 

တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးပေမဲ့ အဆိုပါကားက ရပ်မပေးဘဲ အရှိန်မြှင့်မောင်း ထွက်သွားပါတယ်။ တာဝန်ရှိသူတွေက ကားနဲ့ အနောက်က လိုက်ဖမ်းတယ်။ ထာ့ခနွန်အုပ်စု နယ်မြေ ၄  အူလောင်းကျေးရွာနားရောက်တော့ ယာဉ်မောင်းက ကားကိုတောအုပ်ထဲ ချိုးဝင်ပြီး ရပ်လိုက်တယ်။ အဲဒီနောက် ယာဉ်မောင်းက မှောင်ရိပ်ခိုပြီး တောထဲထွက်ပြေး လွတ်မြောက်သွားခဲ့တယ်။ 

ကားပေါ်မှာတော့  အမျိုးသမီး၊ အမျိုးသားနဲ့ ရင်ခွင်ပိုက်ကလေးတွေပါ စုစုပေါင်း ၃၃ ယောက်  လိုက်ပါလာပြီး မှတ်ပုံတင်အထောက်အထား မရှိ၊ ထိုင်းဘာသာစကား နားမလည်တာကြောင့် ဘာသာပြန်နဲ့ စစ်ဆေးမေးမြန်းခဲ့ရပါတယ်။  

သူတို့တွေဟာ မြန်မာနိုင်ငံ မော်လမြိုင်၊ ဘုရားသုံးဆူကနေ ထိုင်းနယ်စပ် ဆန်ခလပူရီမြို့နယ် နောင်လူးရွာဘက်ကို တောလမ်းက ဝင်ရောက်လာခဲ့တယ်၊   မလေးရှားနိုင်ငံကို ဆက်သွားဖို့ ပွဲစားကို တယောက် ထိုင်းဘတ် ၇၅,၀၀၀ မှ ၇၆,၀၀၀ အထိ ပေးဖို့သဘောတူပြီး လိုက်လာခဲ့တာမှာ အခုလို ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို လဝက ဥပဒေနဲ့ အရေးယူဖို့  ထောင်းဖာဖူးမြို့နယ် ရဲစခန်းကို ခေါ်ဆောင်သွားပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ ကားသမားနောက်ကိုလည်း လိုက်လံစုံစမ်း ဖမ်းဆီးနေတယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ ထောာင်းဖာဖူးမြို့နယ် ထာ့ခနွန်အုပ်စုမှာ ဇွန် ၇ ရက် ကလည်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၄၈  ယောက်နဲ့ ထိုင်းကားသမား တယောက်တို့  ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013