DVB Logo
Home
မြန်မာသတင်း
မြန်မာကလေးငယ်များ၏ အနာဂတ်ကို ကယ်တင်ရန် နိုင်ငံတကာကို သံအမတ်ကြီးတိုက်တွန်း 
DVB
·
June 12, 2025
မြန်မာကလေးငယ်များ၏ အနာဂတ်ကို ကယ်တင်ရန် နိုင်ငံတကာကို သံအမတ်ကြီးတိုက်တွန်း 
Donate to DVB

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေရဲ့  အသက်အိုးအိမ်တွေနဲ့ အနာဂတ်တွေကို ကယ်တင်ရေးအတွက် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လေကြောင်းရန် ရပ်တန့်ရေး အားလုံး အတူတကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

ဇွန် ၁၀ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) ဘုတ်အဖွဲရဲ့ ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲ၊ အထွေထွေ မိန့်ခွန်း ပြောကြားမှု အစီအစဉ်အတွင်း  မြန်မာသံအမတ်ကြီးက တိုက်တွန်းပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေရဲ့ အခြေအနေက ပိုဆိုးလာနေတယ်၊   စစ်အာဏာသိမ်း ၄ နှစ်ကျော် ကာလအတွင်း မြန်မာပြည်ရဲ့  နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ်ရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ စစ်အာဏာသိမ်းမှုနဲ့ စစ်အုပ်စု ကျူးလွန်တဲ့  ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အလွန်အမင်း ဆိုးရွားနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

စစ်အုပ်စုအနေနဲ့ စစ်ပွဲတွေကို  ရပ်တန့်ခြင်းအစား ထပ်မံတိုးချဲ့ ကျူးလွန်နေတယ်၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအားလုံးနဲ့  နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  စစ်အုပ်စုထံသို့ လက်နက်နဲ့ လေယာဉ်ဆီ အပါအဝင် စစ်ဘက်နဲ့  အရပ်ဖက် အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ၊ ငွေကြေး စီးဆင်းမှုတွေအားလုံး ချက်ချင်းရပ်တန့်ဖို့ သံအမတ်ကြီးက တောင်းဆိုလိုက်ပါတယ်။

မတ် ၂၈ ရက်  အင်အားပြင်း ငလျင်သဘာဝဘေးက အဆိုပါ စိန်ခေါ်မှုတွေကို ပိုဆိုးစေခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံမှာ  ပြည်တွင်းနေရပ်စွန့်ခွာသူ ၃ သန်း ခွဲ ကျော်ရှိနေကာ ကလေးငယ် ၆ ဒသမ ၃ သန်း အပါအဝင် လူသန်းပေါင်း ၂၀ အနေနဲ့ လူသားချင်းစာနာထောက်ထားထားမှု အကူအညီတွေကို အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုအနေနဲ့ ငလျင်လှုပ်ခတ်ပြီး  ၂ လအတွင်း ငလျင်ဒဏ်သင့် နေရာဒေသတွေ အပါအဝင် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၈၀ ကျော် ပြုလုပ်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးတွေအပါဝင် အရပ်သား ၅၄၀ ကျော်ရဲ့ အသက်ကို သတ်ဖြတ်ကာ ကျန်းမာရေးအဆောက်အအုံနဲ့ စာသင်ကျောင်းတွေကို ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

မေ ၁၂ ရက်မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းဆရာမ ၂ ယောက် အပါအဝင် ကလေးသူငယ် အယောက် ၂၉ လောက် သေဆုံးခဲ့ရပါတယ်။

၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မတ်လအထိ မြန်မာနိုင်ငံမှာ ကလေးသူငယ် သေဆုံးမှုမှာ ၄၀၀ လောက် အထိ မြင့်တက်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့  အချက်အလက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013