
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခွင့်ပေးမှုဟာ စစ်အာဏာရှင်က နိုင်ငံရေးအရ အသုံးချတာဖြစ်ပေမဲ့ ထူးခြားတဲ့ အပြောင်းအလဲတွေနဲ့ နိုင်ငံတကာရဲ့ အမြင်တွေအပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်မှာ မဟုတ်ဘူးလို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
၆ နှစ်နီးပါး ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တို့ တွေ့ဆုံခွင့်ပေးခဲ့တာဟာ စစ်အာဏာရှင်ရဲ့ နိုင်ငံရေးအရ အကျိုးရလိုမှုနဲ့ အသုံးချခဲ့တာ ဖြစ်ပေမဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာရဲ့ သဘောထားအမြင်တွေပေါ် သိသာတဲ့ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရမဲ့အပြင် နိုင်ငံရဲ့ မူလတာဝန်တွေမှာ တရားဝင် ပြန်လည်ထမ်းဆောင်ခွင့်ပေးမှသာ ပြောင်းလဲမှုတွေ ရှိလာမှာဖြစ်ကြောင်း ICRC နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပြီး ဩဂုတ် ၃ ရက်နေ့မှာပဲ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်မျိုးကျော်က “နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ pressure ပေါ့။ pressure ကို မခံနိုင်တော့တဲ့ အခါမှာ ဒီလိုမျိုး ဆေးမြီးတိုနဲ့ သူတို့ စပြီးတော့ ကုတာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကို သူ စဖမ်းကတည်းက ဓားစာခံအဖြစ် ဖမ်းထားတာဖြစ်တယ်။ ဒီ စစ်အုပ်စုက ပြန်ပေးသမားတွေပါ တကယ်ကတော့။ အခုလိုမျိုး ICRC နဲ့ တွေ့ခွင့်ပေးလိုက်ရုံနဲ့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ စစ်အုပ်စုအပေါ်မှာထားတဲ့ သဘောထားကလည်း ပြောင်းလဲလာမယ်လို့ ကျနော့်အနေနဲ့ကတော့ မထင်ဘူးပေါ့နော်။ ကျနော်တို့နိုင်ငံရဲ့ ပြဿနာတွေ ပြေလည်ဖို့အတွက်ဆိုရင် သူ့ရဲ့ မူလနေရာမှာ ပြန်ပြီးတော့ တာဝန်ထမ်းဆောင်ခွင့် ပေးရမယ်။ ဒါမှသာလျှင် ကျနော်တို့နိုင်ငံရဲ့ ပြဿနာတွေက ပြေလည်သွားမယ်။ ဒီလိုမျိုး ICRC နဲ့ ထုတ်ပြလိုက်ရုံလေးနဲ့တော့ နိုင်ငံတကာရဲ့ စစ်အုပ်စုအပေါ်ထားတဲ့ သဘောထားတွေ၊ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်အုပ်စု အပေါ်မှာထားတဲ့ သဘောထားတွေ ဒါတွေကတော့ လုံးဝပြောင်းလဲသွားမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
စစ်တပ်ဟာ နိုင်ငံရေးက မဆုတ်ခွာဘဲ ဖမ်းဆီးခံနိုင်ငံရေးသမားတွေကို ဓားစာခံသဖွယ် အသုံးချနေတာကို လုံးဝရှုတ်ချကြောင်းကိုလည်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက မှတ်ချက်ပြုပါတယ်။
“နိုင်ငံတကာ ဖိအားတွေနဲ့ နိုင်ငံတကာမှာ ဝင်ဆံ့နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ ပေးတွေ့တယ်လို့ ကျမတို့ဘက်ကတော့ ယူဆပါတယ်။ ဒီမှာလည်း သတင်းစကား တစုံတရာ မပါဘဲနဲ့ ဓာတ်ပုံတပုံပဲ ထုတ်ပြန်တာမျိုး ဖြစ်တဲ့အခါကျတော့ သူတို့လက်ထဲမှာ သက်ရှိထင်ရှား ရှိနေသေးတယ်ဆိုတဲ့ ပုံစံမျိုးကို ပြချင်တာ။ ဒါဟာ နိုင်ငံတကာဖိအားကို လျှော့ချချင်တာလို့ပဲ ယူဆပါတယ်။ နိုင်ငံရေးအခြေအနေ တစုံတခုမှာ ထုတ်ပြီးတော့ သုံးဖို့အတွက် ပြန်ပေးဆွဲတဲ့ပုံစံမျိုး လုပ်နေတဲ့ ကိစ္စမျိုးတွေကတော့ ကျမတို့ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်း မရှိပါဘူးရှင့်။”
ဒါ့အပြင် စစ်တပ်အခြေပြုတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ အသွင်ပြောင်းအစိုးရ အာဏာတည်မြဲရေးနဲ့ တရားဝင်မှု ရရှိရေးအတွက် ကြိုးပမ်းမှုသက်သက် ဖြစ်ပြီး နိုင်ငံရေးအရ လျှော့ပေါ့ပေးမှုမဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကလည်း သုံးသပ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီးတော့ ဆန့်ကျင်ဘက်ပေါ့နော်၊ သူ့ရဲ့ အတိုက်အခံ အစုအဖွဲ့တွေ ကြားထဲမှာ ပြန်ပြီးတော့ ပြေလည်ရာပြေလည်ကြောင်း လုပ်တဲ့ အခင်းအကျင်း လုံးဝမဟုတ်ဘူး ဆိုတဲ့ဟာကိုတော့ ကျနော်တို့ နားလည်ဖို့လိုတယ်။ သူ့အနေနဲ့ အလျှော့ပေးထားတဲ့ဟာ တခုမှမပါဘူး။ အခု ဒီလိုမျိုး ပေးတွေ့တယ်ဆိုတဲ့ ဥစ္စာကလည်း အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့်တခုကို သူ့အနေနဲ့ ဖွင့်ပေးလိုက်တယ် ဆိုတဲ့သဘော၊ သူ့ဘက်က လျှော့ပြီးတော့ စဉ်းစားပေးလိုက်တာ၊ ဒါမှမဟုတ် လျှော့ပေါ့ပြီးတော့ ဆောင်ရွက်ပေးလိုက်တာ၊ စီစဉ်ဆောင်ရွက်ပေးလိုက်တယ် ဆိုတဲ့ဟာ တခုမှ မပါဘူး။”
အခုလို ICRC နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တရားဝင် သီးသန့်တွေ့ဆုံခွင့်ရခဲ့တာက တိုးတက်မှုဖြစ်ပြီး ကြိုဆိုကြောင်း ကုလသမဂ္ဂရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သလို ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ပြောဆိုခွင့်ရှိသူကလည်း “အသက်ရှင်လျက်ရှိကြောင်း အတည်ပြုနိုင်တဲ့ သက်သေအထောက်အထားကို ယူဆောင်လာတာဖြစ်ပေမဲ့ ဒီအချက်တခုတည်းနဲ့ မလုံလောက်ကြောင်းကိုလည်း ထုတ်ပြန်ထားပါတယ်။










