
ပဉ္စမအကြိမ်မြောက် ပြုလုပ်ကျင်းပတဲ့ မြန်မာ့အရေး လေ့လာသုံးသပ်မှု နိုင်ငံတကာညီလာခံ (ICBMS5) ကို ဩဂုတ် ၁၄ ရက်မှာ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်က UNISERV အဆောက်အအုံမှာ စတင်ကျင်းပခဲ့ပြီး မြန်မာ့အရေး လေ့လာနေတဲ့ ပညာရှင်တွေ၊ သုတေသီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
သုံးရက်ကြာ ကျင်းပမယ့် ဒီညီလာခံကို အကျပ်အတည်းနဲ့ ဖြစ်တန်ချေကြားက မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအတွက် အသံများဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတာဖြစ်ပါတယ်။
ဒီညီလာခံ ပထမရက်မှာ The Way Forward for the Thai-Myanmar Border ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွေတရပ်ကို ပြုလုပ်ခဲ့ကြပြီး ထိုင်း-မြန်မာ နယ်စပ်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အကျပ်အတည်းတွေ၊ ဒေသတွင်း အုပ်ချုပ်ရေး၊ နယ်စပ်ဒေသ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ချင်းမိုင်တက္ကသိုလ် ကထိက Sirada Khemanitthathai က “မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းနေထိုင်လာသူတွေက အခုထိ ရှိနေဆဲပါ။ ဝင်လာနေဆဲပါ။ မြန်မာစစ်အာဏာရှင်တွေက ဒီလို ရွှေ့ပြောင်းနေထိုင်လာစေတဲ့ အဓိက ပြဿနာရပ်ပါပဲ” လို့ DVB ကို ပြောပါတယ်။
ဒီညီလာခံမှာတော့ ဓာတ်ပုံပြပွဲတွေ၊ ပန်းချီပြပွဲတွေလည်း ပါဝင်ပြသနေပြီး SEA Junction က စီစဉ်ကျင်းပတဲ့ "Fragments of Myanmar" ဆိုတဲ့ ဓာတ်ပုံပြပွဲတခုလည်း အပါအဝင်ဖြစ်ပါတယ်။
ဒီပြပွဲမှာတော့ ရိုဟင်ဂျာတွေ စွန့်ခွာထွက်ပြေးခဲ့ရပုံတွေ၊ ၂၀၂၁ နွေဦးတော်လှန်ရေး အစိတ်အပိုင်းတွေ၊ ငလျင်နဲ့ ရေကြီးမှု စတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘဝအခြေအနေတွေ စတာတွေကို ၇ နှစ်တာ ကာလအတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံသတင်းထောက်တွေရဲ့ မှတ်တမ်းတွေကို ပေါင်းစပ် ပြသထားတာပါ။
SEA Junction ရဲ့ ဒါရိုက်တာ Rosalia Sciortino က “ကျမတို့ ပေးချင်တဲ့ သတင်းစကားက ခံစားရတဲ့ ဒုက္ခဝေဒနာတွေအကြောင်းပဲ မဟုတ်ပါဘူး၊ ရဲရင့်မှုနဲ့ မျှော်လင့်ချက်ဆိုတဲ့ သတင်းစကားပါ။ သူတို့ ရိုက်ကူးထားတဲ့ ပဋိပက္ခတွေကို ဖော်ပြနေတဲ့ ပုံရိပ်တွေဟာ စာတမ်းပေါင်း ၁၀၀ ဒါမှမဟုတ် တင်ပြဆွေးနွေးမှုတွေထက် အဆပေါင်းများစွာ ပိုအားကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေရဲ့ တကယ်ခံစားနေရတဲ့ အငွေ့အသက်တွေ၊ နာကျင်မှုတွေနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေကို တိုက်ရိုက်ဖော်ပြနေလို့ပါပဲ” လို့ ဆိုပါတယ်။
မြန်မာ့အရေး လေ့လာသုံးသပ်မှု နိုင်ငံတကာညီလာခံ (ICBMS5) ကို ဩဂုတ် ၁၄ ရက်ကနေ ၁၆ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ညီလာခံနောက်ဆုံးရက်မှာ Kevin Woods ရဲ့ "The Fifth Cut: War and the Remaking of Nature in Myanmar" စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ညီလာခံနောက်ဆုံးနေ့မှာ ပီတိအိမ်က ရုပ်ရှင် လေးခုကိုလည်း ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။











