DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာနေရပ်ပြန်ရေး နိုင်ငံတကာစွက်ဖက်မှုလက်မခံဟု စစ်အာဏာရှင်အစိုးရပြော 
DVB
·
August 15, 2026
Photo: UNHCR in Bangladesh
Photo: UNHCR in Bangladesh
Donate to DVB

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်သွားသူတွေကို ပြန်လည်လက်ခံရေးကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ က ဝင်ရောက်စွက်ဖက်တာကို လက်မခံဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နှစ်နိုင်ငံကြား ဖြေရှင်းရမဲ့ ကိစ္စသာ ဖြစ်တယ်လို့ စစ်အာဏာရှင်အစိုးရ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။ 

နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြနေတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက် ၁ သန်းကျော်ဆိုတာ ချဲ့ကားပြောကြားတာဖြစ်ပြီး တကယ်တမ်း ထွက်ပြေးသူက ၅၄၀,၀၀၀ ကျော်သာ ရှိတယ်လို့လည်း ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်သူတွေကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ လူဦးရေ ၈၂၈,၈၇၄ ယောက်ရဲ့ စာရင်းကို ပေးပို့ခဲ့တာကို ဇူလိုင်လ ၃၁ ရက်အထိ ၄၂၀,၀၀၀ ကျော်ကို စိစစ်ခဲ့ပြီး အဲဒီထက်ဝက်ကျော် စာရင်း ထဲမှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့သူ ၄,၂၄၁ ယောက် ပါဝင်တယ်လို့လည်း စစ်အာဏာရှင် အစိုးရက ဆိုပါတယ်။ 

ဒါ့အပြင် အထောက်အထား တွေ့ရှိသူ ၃၀၈,၇၉၇ ယောက်နဲ့ အထောက်အထား မတွေ့ရသူ ၁၁၃,၅၀၇ ယောက်ပါဝင်တယ်လို့လည်း ဆိုပြီး တဖက်နိုင်ငံ ဒုက္ခသည်စခန်းက ဒုက္ခသည်အားလုံးဟာ မြန်မာနိုင်ငံမှ လာရောက်သူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကို လက်မခံကြောင်းနဲ့ တခြားနိုင်ငံတွေမှာ မရှိတဲ့ လူမျိုးအမည်နဲ့ လာရောက်စာရင်းပေးသွင်းနေမှုတွေကိုလည်း ပြတ်သားစွာ ကန့်ကွက်တယ် လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက စိစစ်ပြီးတဲ့ နေရပ်စွန့်ခွာသူတွေကို မြန်မာနိုင်ငံအနေနဲ့ ညှိနှိုင်းပြီး ပြန်လည်လက်ခံသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဇူလိုင် ၃၁ ရက်အထိ စာရင်းတွေ အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာနိုင်ငံက ထွက်ပြေးတိမ်းရှောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်း ကျော် (၁,၂၀၂,၀၃၄) ရှိတယ်လို့ ဆိုပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013