DVB Logo
Home
မြန်မာသတင်း
ငပုတော ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်ခွင့်မရ၊ ပြည်သူ့စစ် ထွက်ပြေးသဖြင့် မော်ကျွန်း အုပ်ချုပ်ရေးမှူး စစ်ဆေးခံနေရ
DVB
·
June 12, 2025
ငပုတော ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်ခွင့်မရ၊ ပြည်သူ့စစ် ထွက်ပြေးသဖြင့် မော်ကျွန်း အုပ်ချုပ်ရေးမှူး စစ်ဆေးခံနေရ
1 / 2
Donate to DVB

ဖိအားအမျိုးမျိုးကြောင့်  ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၇ ယောက်ထက်မနည်း နုတ်ထွက်စာတင်ထားပေမဲ့ စစ်ကောင်စီက နုတ်ထွက်ခွင့် မပေးသေးဘူးလို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

အရပ်သားတွေကို စစ်မှုထမ်းဖို့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက အပြင်းအထန် ဖိအားပေး စည်းရုံးခိုင်းတဲ့ကိစ္စနဲ့ ငပုတောမြို့နယ်မှာ စစ်ရေးအရှိန်မြင့်လာတာကြောင့် ကျေးရွာ ၇ ရွာမှာရှိတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၇ ယောက်ဟာ ပြီးခဲ့တဲ့ မေလ ဒုတိယအပတ်ကတည်းက နုတ်ထွက်စာတင်ထားပေမဲ့ ဒီနေ့အထိ စစ်ကောင်စီက အဲဒီကိစ္စနဲ့ပတ်သက်လို့ အကြောင်းမပြန် ခွင့်မပြုဘူးလို့ ဆိုပါတယ်။ 

ငပုတောမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “အဲဒီနုတ်ထွက်စာ တင်ထားတာ ဟုတ်ပါတယ်။ အထက်က နုတ်ထွက်ခွင့်မပြုသေးတာလို့ သိရတယ်။ အုပ်ချုပ်ရေးမှူးတွေလည်း ဒီနေ့အခြေအနေက လုပ်ရကိုင်ရခက်တဲ့ အခြေအနေ ရောက်နေတာကြောင့်” လို့ ပြောပါတယ်။ 

အကြောင်းအမျိုးမျိုးကြောင့် ငပုတောမြို့နယ်မှာ ကံကွင်း၊ ကမ်းနီ၊ ဂုံညှင်းတန်း၊ အုန်းရှစ်ကွင်း၊ ကုန်းကလေး၊ ထိပ်တန်း စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာ ၇ ရွာက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်ထားတာလို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။ 

ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယာက်က “နုတ်ထွက်စာ တင်ထားတယ်။ သူတို့ မလုပ်ချင်တော့ဘူးပေါ့နော်။ မြို့နယ်က ထွက်ခွင့်မပေးတာ။ အတင်းလုပ်ခိုင်းနေတာလို့ အုပ်ကြီးတွေက အရပ်ထဲမှာ ထုတ်ပြောနေတာ” လို့ ပြောပါတယ်။ 

ငပု​တောမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတွေကလည်း စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက မြေပြင်မှာရှိနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို  စစ်တပ်နဲ့ ပေါင်းပြီး အိမ်တိုင်ရာရောက် လိုက်လံဖမ်းခေါ်ဖို့ ညွှန်ကြားခဲ့သေးတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ငပုတောမြို့နယ်ထဲက ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ ဇွန် ၉ ရက်အထိ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာလည်း အုပ်ချုပ်ရေးမှူး အာမခံ နဲ့ အိမ်ခဏပြန်လာတဲ့ ပြည်သူ့စစ်တပ်သားတယောက် ထွက်ပြေးလို့ အာမခံအုပ်ချုပ်ရေးမှူးကို ဖိအားပေး စစ်ဆေးနေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ဇွန် ၄ ရက်ကစစ်ကောင်စီခန့် ကျွဲခြံချောင်းဖျားကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ခင်စိုးရဲ့ အာမခံနဲ့ မော်လမြိုင်ကျွန်း ခမရ ၅၃၄ တပ်ထဲမှာ ပြည်သူ့စစ်သင်တန်း တက်နေတဲ့ အောင်မြင့်စိုးဟာ နေအိမ်ကို ခေတ္တ ပြန်လာချိန်မှာ ထွက်ပြေးသွားတာဖြစ်ပြီး ပြည်သူ့စစ် ထွက်ပြေးတဲ့ ကိစ္စနဲ့ပတ် သက်ပြီး အုပ်ချုပ်ရေးမှူးကို မြို့နယ်က ခေါ်ယူစစ်ဆေးနေတာလို့ ဆိုပါတယ်။ 

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “အုပ်ကြီးက တပ်ကနေ အာမခံနဲ့ ပြန်ခေါ်လာတာ၊ ၂ ရက် အနားပေးတာလို့ ပြောတာပဲ။ ပြည်သူ့စစ်သင်တန်းတက်နေတဲ့သူက ရွာရောက်တာနဲ့ထွက်ပြေးတာ။ တရက်စ နှစ်ရက်စတော့ ဖုံးထားပြီး ရှာနေတာ။ အခုတော့ အဲဒီကိစ္စနဲ့ မြို့နယ်က ခေါ်ယူ စစ်ဆေးတာ။ ပြည်သူ့စစ် လူအစားပြန်မရရင် အုပ်ကြီး ခင်စိုးကို ထောင်ချခံရမယ်လို့ ပြောဆိုတာခံရတာ” လို့ ပြောပါတယ်။ 

အဲဒီ ထွက်ပြေးသွားတဲ့ ပြည်သူ့စစ်ဟာ ဇွန် ၁၁ ရက် ဒီနေ့အထိ ပြန်လည်ဖမ်းမိခြင်းမရှိသေးတာကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ခင်စိုး နဲ့အဖွဲ့က အသက် ၄၀ နဲ့ ၅၀ ကျော်အရွယ်တွေကို ပြည်သူ့စစ် အောင်မြင့်စိုး နေရာမှာ အစားထိုးဖို့ လိုက်လံဖမ်းဆီးခေါ်ယူနေတယ်လို့ မော်လမြိုင်ကျွန်း ဒေသခံတယောက်က ပြောပါတယ်။ေ

“ပြည်သူ့စစ် အစားထိုးဖို့ လိုက်ခေါ်နေတာ။ လိုက်တဲ့သူ မရှိတော့ ဖမ်းမယ်၊ ဆီးမယ်လုပ်နေတာ။ ရွာထဲမှာလည်း နေရဲတဲ့သူ မရှိတော့ဘူး။ အကုန်ရှောင်နေတာ။ ဘယ်သူမှ ပြည်သူ့စစ် မလုပ်ချင်ဘူး။ ပြည်သူ့စစ်က စစ်မတိုက်ရဘူးလို့ စစ်ကောင်စီတပ်က ပြောပေမဲ့ မယုံဘူးလေ။ လိုအပ်ရင် လိုအပ်သလို ထုတ်သုံးမှာ သိနေတာလေ” လို့ ပြောပါတယ်။

ပြည်သူ့စစ် ထွက်ပြေးတာကြောင့် ပြန်ဖမ်းမမိပါက ထောင်ချခံရမယ်လို့ မြို့နယ်အဆင့်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ခင်စိုးကို ပြောဆိုသတိပေးခဲ့တဲ့အပြင် အုပ်ချုပ်ရေးမှူး ခင်စိုးရဲ့ သားဖြစ်တဲ့ ကျော်စိုးထက်ကိုပါ  စစ်မှုထမ်းခေါ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013