DVB Logo
Home
မြန်မာသတင်း
အယ်လ်အေ ဆန္ဒပြပွဲများကြောင့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လမ်းလျှောက်ပွဲ ဆိုင်းငံ့
DVB
·
June 12, 2025
အယ်လ်အေ ဆန္ဒပြပွဲများကြောင့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လမ်းလျှောက်ပွဲ ဆိုင်းငံ့
Donate to DVB

လော့စ်အိန်ဂျယ်လိစ်မြို့မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲ အပါအဝင် မြန်မာ့အရေးလှုပ်ရှားမှုတွေကို ဆိုင်းငံ့ထားရပါတယ်။

ဇွန် ၇ ရက်မှာ စတင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ လော့စ်အိန်ဂျယ်လိစ်မြို့က ဆန္ဒပြပွဲတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲကို ယာယီဆိုင်းငံ့ထားရတယ်လို့ မြို့ခံ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဇွန် ၁၄ ရက်မှာ ပြုလုပ်မယ့် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မွေးနေ့နဲ့ စစ်ရေးပြအခမ်းအနားကို လော့စ်အိန်ဂျယ်လိစ်ကောင်တီ နေရာ ၁၃ ခုမှာ တပြိုင်တည်း ဆန္ဒပြသွားဖို့ ထရမ့်ပ်အစိုးရကို ဆန့်ကျင်သူတွေက ကြေညာထားတာကြောင့် ဇွန် ၁၅ ရက်မှာ ပြုလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲကို ရွှေ့ဆိုင်းခဲ့ရတာလို့ ဆိုပါတယ်။

ထရမ့်ပ်အစိုးရ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အာဏာပိုင်အဖွဲ့ (ICE) ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်တာနဲ့ သမ္မတထရမ့်ပ်ရဲ့ ပဒေသရာဇ်ဆန်တဲ့ အပြုအမူတွေကို ရပ်တန်းကရပ်စေဖို့ ဆန္ဒပြသူတွေက ဦးတည်နေတာ ဖြစ်ပါတယ်။

သမ္မတထရမ့်ပ်ဟာ ဖေဖော်ဝါရီလကုန်ပိုင်းမှာ သမ္မတ ဘိုင်ဒင်လက်ထက် ICE ယာယီညွှန်ကြားရေးမှူးချုပ် အပါအဝင် ထိပ်တန်းခေါင်းဆောင်တချို့ကို တာဝန်ကနေ ဖယ်ရှားခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်ပို့တဲ့လုပ်ငန်းကို စတင်ခဲ့တာပါ။

လော့စ်အိန်ဂျလိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ LA2M မှ ဂျိမ်းစ်ရွှေက “လူဝင်မှုကြီးကြပ်ရေးနဲ့သက်ဆိုင်တဲ့ ဖမ်းတာ ဆီးတာတို့ပေါ့ဗျာ။ အဲဒါတွေကို မကြိုက်တဲ့အတွက် ဆန္ဒပြမယ်ပေါ့။ ဒုတိယက ဇွန် ၁၄ က ဒေါ်နယ်ထရမ့်ပ်ရဲ့ မွေးနေ့၊ အဲဒီနေ့မှာ ၄၅ သန်း အကုန်ခံပြီးတော့ စစ်ရေးပြ ဝါရှင်တန်ဒီစီမှာ လုပ်မယ်ဆိုတော့ အဲဒါကိုလည်း မကြိုက်တဲ့လူတွေက ဆန္ဒပြကြမှာပေါ့။ ၁၃ နေရာ အယ်လ်အေ အနှံ့အပြား၊ တနေရာကို ၂ နာရီ ၃ နာရီစီလောက် ဆန္ဒပြဖို့၊ တနေ့လုံးဗျ။ ဆန္ဒပြတယ်ဆိုတာ တရက်နဲ့မပြီးဘူး ဖြစ်နေတယ်။ နောက် ၂ ရက် ၃ ရက် ဆက်ပြီးတော့ ဖြစ်ဖို့အလားအလာ ရှိနေတယ်၊ National Guard တွေ ချထားတယ်။ မရိန်းတွေပါ လွှတ်ထားတယ်ဆိုတော့ အဲဒါတွေက လူတွေကို ပိုပြီးတော့ မခံချင်ဖြစ်စေတော့ ပြဿနာ ပိုဖြစ်မယ်လို့ စိုးရိမ်နေကြတာပေါ့။ မြို့တော်ဝန်ကလည်း ကာဖျူးထုတ်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းလျှောက်ပွဲကို ကျနော်တို့ ရွှေ့လိုက်တာပေါ့လေ။ အခြေအနေစောင့်ကြည့်ပြီးတော့ နည်းနည်း ငြိမ်ငြိမ်ဆိမ်ဆိမ် ဖြစ်တော့မှ လုပ်မယ်။ တကယ်လို့ အဲဒီလိုလုပ်လို့မဖြစ်ရင် နောက်တမျိုးလုပ်မှာပေါ့ဗျာ၊ နေရာတခုရှာပြီးတော့လေ” လို့ ပြောပါတယ်။

လော့စ်အိန်ဂျယ်လိစ်မြို့မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေဟာ ကယ်လီဖိုးနီးယားပြည်နယ် တခုလုံးအပေါ် သက်ရောက်မှုရှိနေပြီး အခြေအနေပိုဆိုးမလာအောင် ပြည်နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ကြိုးစားနေတာပါ။

ကယ်လီဖိုးနီးယားပြည်နယ်ကို ရောက်နေတဲ့ မြန်မာနွယ်ဖွား သောင်းနဲ့ချီရှိနေပြီး ထရမ့်ပ်အစိုးရရဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးနေတဲ့လုပ်ရပ်ဟာ နိုင်ငံသားမဖြစ်သေးသူနဲ့ အထောက်အထား မပြည့်စုံဘဲ နေထိုင်နေတဲ့ မြန်မာနွယ်ဖွားတွေ အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနေတာပါ။

လုပ်ငန်းခွင်တွေအထိ အစိုးရတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးနေတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာမှာ နေထိုင်သူတယောက်က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမှ မခင်သီရိနန္ဒာစိုးက “ဆန်ဖရန်စစ္စကို မြို့တော်ဝန်တွေ၊ ဦးဆောင်သူတွေ သူတို့တွေနဲ့ ပတ်သက်ပြီးတော့ စည်းရုံးရေးလုပ်တဲ့ နေရာတွေမှာဆိုရင် နှောင့်နှေးမှုတွေ အများကြီးရှိပါတယ်။ သူတို့မှာ အရေးပေါ်ကိစ္စကြီး ရှိနေတဲ့အခါကြတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေက အနောက်ကိုရောက်သွားတယ်။ ကျမတို့ ဆန်ဖရန်စစ္စကို ၁၄-၁၅ ကို အကြီးအကျယ် ဆန္ဒပြကြမယ်လို့ အခု အသံတွေတော့ ထွက်နေတယ်ပေါ့။ မြန်မာပြည်သူတွေလည်း Limitation တွေ ဖြစ်ကုန်တယ်ပေါ့၊ ဘယ်ဟာမှ သေချာမသိနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတယ် အခုက။ ကျမတို့ မြန်မာပြည်သူတွေမှာကျတော့ ပုံမှန် အောက်ခြေအလုပ်ကို လုပ်ကြရတဲ့လူတွေ၊ အလုပ်လုပ်ကိုင်ခွင့်ရှိပေမဲ့ နိုင်ငံသားမဟုတ်သေးတဲ့ လူတွေ၊ သူတို့မှာ စိုးရိမ်ကြောင့်ကြစိတ်တွေ ရှိတယ်။ နောက်တခါ အလုပ်တွေလည်း မသွားဘူး ဆိုတာမျိုးတွေ ဖြစ်နိုင်တယ်ပေါ့။ အလုပ်တည်ရှိတဲ့နေရာတွေက ဝင်ရောက်ဖမ်းဆီးတဲ့ကိစ္စ ဖြစ်တတ်တဲ့ နယ်မြေတွေနဲ့ သွားပြီးတိုက်ဆိုင်တယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်ပို့ရေး အပါအဝင် အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက် အများအပြားကို လက်မှတ်ရေးထိုးခဲ့တာပါ။

လတ်တလောမှာ လော့စ်အိန်ဂျယ်လိစ်မြို့က ဆန္ဒပြသူတွေကို ထိန်းဖို့ ပြည်စောင့်တပ်သားတွေ အပြင် မရိန်းတပ်သားတွေကိုပါ သမ္မတထရမ့်ပ်က စေလွှတ်ခဲ့ပြီးနောက် ဆန္ဒပြသူတွေက ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013