DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ငရံ့ပတူပင်
DVB
·
June 11, 2025
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ငရံ့ပတူပင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ငရံ့ပတူပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ငရံ့ပတူပင်ကို သိပ္ပံလို Clerodendron siphonanthus / clerodendrum indicum လို့ခေါ်ပြီး အင်္ဂလိပ်လို  Tubeflower, Turk's-Turban, Sky Rocket ခေါ်ကြပါတယ်။

ငရံ့ပတူပင်မှာ ကစီဓာတ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံ၊ ကြေးနီ၊ မန်းဂနိစ်၊ ဖော့စဖရပ်နဲ့ amino acid စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ အရွက်မှာ flavonoid၊ scutellarein၊ hispidulin၊ sterol ပင်စည်မှာ အစေး၊ beta-sitosterol၊ အပွင့်မှာ hydroquinone၊ uncinatone ၊flavone pectolinarigenin၊ cirsimaritin အခေါက်မှာ D-mannitol၊ sorbitol အမြစ်အခေါက်မှာ flavonoid ectolinarigenin၊glycoside၊ saponin စတဲ့ ကျန်းမာရေး အကျိုးပြုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဓာတ်မတည့် ဆန့်ကျင်ခြင်း၊ သွေးတွင်းအဆီကျစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိခြင်း၊ ကင်ဆာဖြစ်နိုင်ခြေကို လျော့ပါးစေခြင်း၊ အိုမင်းရင့်ရော်မှုကို လျှော့ချပေးခြင်း၊ လေကြေဆေး၊ ချွဲထုတ်ဆေးနဲ့ အကြောပြေဆေး စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ ငရံ့ပတူပင်ရဲ့ အရွက်နဲ့ အမြစ် တို့ကို သုံးစွဲကြပါတယ်။

ဆီးချိုရောဂါမှာ အရွက်သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို သွေးတွင်းသကြားပမာဏ အနိမ့် အမြင့်ပေါ် မူတည်ပြီး တနေ့  ၂-၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အရွက်ကို ထုထောင်းပြီး အနာများကို လိမ်းပေးခြင်းဖြင့် ရောင်ရမ်းမှုကို သက်သာစေပြီး အနာကျက်ခြင်းကို မြန်ဆန်စေပါတယ်။ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။

အပင်အရွက်နု သတ္တုရည်ကို အရေပြားပြဿနာများ၊ ခြေထောက် အနာပေါက်ခြင်းများမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ငရံ့ပတူ အမြစ်မှုန့်ကို ချင်းမှုန့် ဆတူရောစပ်ပြီး တခါသောက် ကော်ဖီ ၂ ဇွန်း ပန်းနာရင်ကျပ်၊ ချောင်းဆိုးခြင်းနဲ့ အဆုတ်ဆိုင်ရာ ပြဿနာများမှာ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အာဟာရချို့တဲ့ခြင်းအတွက်  အခေါက်သတ္တုရည်ကို နေ့စဉ် ၁-လခန့် သောက်သုံးပေးနိုင်ပါတယ်။

ငရံ့ပတူကို စားသောက်ခြင်းက အစာကြေစေပြီး ခံတွင်းကောင်းစေကာ အစာမကြေခြင်း၊ လေထိုးခြင်း၊ အစာအိမ်ပြဿနာများ၊ အစာအိမ်ပိုးဝင်ခြင်း၊ အစာအဆိပ်သင့်ခြင်း၊ ကြို့ထိုးခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။

ငရံ့ပတူပြုတ်ရည် ရေနွေးကြမ်း ပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် အဆစ်အမြစ် ရောင်ရမ်းခြင်း၊ ဂေါက်နဲ့ နာကျင်သောအဆစ်များကို သက်သာစေပါတယ်။

အမျိုးသမီးများမှာ  ရာသီမမှန်ခြင်းအတွက် ငရံ့ပတူပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို ချင်းမှုန့် ကော်ဖီဇွန်းဝက်ခန့်နဲ့ တနေ့ ၁-၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။ သားအိမ်အရည်ကြည်အိတ်နဲ့ အလုံးအကျိတ် ပြဿနာများကိုလည်း သက်သာစေပါတယ်။

အရေပြားရောဂါများ၊ သွေးစုနာများ၊ ရေယုန်များမှာ အရွက်သတ္တုရည်ကို လိမ်းပေးနိုင်ပါတယ်။ အရေပြားအပေါ်ပိုင်းအလွှာရှိ ဘက်တီးရီးယား ပိုးကူးစက်မှုများမှာလည်း အသုံးပြုနိုင်ပါတယ်။  ဒဏ်ရာများနဲ့ အနာများ၊ ပြည်တည်နာများမှာ အရွက်သတ္တုရည်ကို  လိမ်းပေးပေးခြင်းဖြင့် အနာကျက်မြန်စေပါတယ်။

ငရံ့ပတူမှာ ကပ်ပါးပိုးဆန့်ကျင် ဂုဏ်သတ္တိ ပါ၀င်တာကြောင့် သန်ကောင်/တုတ်ကောင် ရောဂါများမှာ အမြစ်သွေးရည် ဟင်းစားဇွန်း တဝက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

အရွက်ပြုတ်ရည်ဟာ သဘာဝဖျက်ဆေးဖြစ်တာကြောင့် အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ တီဘီရောဂါ၊ လည်ချောင်းနာ၊ ပန်းနာရင်ကျပ် နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများမှာ အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ပဒဲကောမှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါ သက်သာစေဖို့အတွက် အရွက်ခြောက်တွေကို ဆေးလိပ်သောက်သလို  သောက်ပေးနိုင်ပါတယ်။

ငရံ့ပတူမှာ phenolic glycosides နဲ့ saponins ပါဝင်ပြီး ဓာတ်မတည့်မှု ဆန့်ကျင်အာနိသင် ရှိတာကြောင့် ဓာတ်မတည့်မှုပြဿနာများမှာ အမြစ်သွေးရည် ကော်ဖီ ၂ ဇွန်းကို တနေ့ ၁-၂ ကြိမ်  သောက်ပေးနိုင်ပါတယ်။ အမြစ်သွေးရည်ကို နဖူးပေါ်လိမ်းပေးခြင်းဖြင့် သာမန်ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။

ငရံ့ပတူရွက်ကို လက်ဖက်ခြောက် ပြုလုပ်ပြီး ရေနွေးကြမ်း တနေ့ ၁-၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် သွေးအားကောင်းစေပြီး သွေးလည်ပတ်လမ်းကြောင်းအတွင်း အတားအဆီးများကို ဖယ်ရှားပေးကာ ရောင်ရမ်းခြင်းကို သက်သာစေသည်။ အသည်းကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ သွေးတိုး/ဆီးချို ရောဂါကို ကာကွယ်ပေးခြင်း၊ အမျိုးသမီးများ သားအိမ်ကျန်းမာရေးကို ကောင်းမွန်စေပြီး ကင်ဆာဖြစ်နိုင်ခြေကို လျော့ပါးစေခြင်း စတဲ့ အကျိုးအာနိသင်များ ရရှိစေနိုင်ပါတယ်။

ငရံ့ပတူကို အသင့်အတင့်စားသုံးခြင်းဖြင့် ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသုံးခြင်းက ပျို့ခြင်း၊ အော့အန်ခြင်း၊ လေထိုး လေအောင့်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဓာတ်မတည့်သူများမှာ အရေပြားနီမြန်းခြင်း၊ ယားယံခြင်းတို့ ဖြစ်တတ်ပါတယ်။ ငရံ့ပဒူပွင့်နဲ့ ဓာတ်မတည့်သူများ ငရံ့ပတူပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ ငရံ့ပတူ စားသောက်ခြင်းကို  ရှောင်ကြဉ်သင့်ပါတယ်။ 

နွေဦးပြည်သူများ ငရံ့ပတူပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013