Home
နိုင်ငံတကာ
ဘန်ကောက်တွင် ဗီယက်နမ် ၂၇ ဦးပါ ကျားဖြန့်ဂိုဏ်း ဖမ်းဆီးရမိ 
DVB
·
June 11, 2025
Photo :POLICETV

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ဗီယက်နမ်နိုင်ငံသား ၂၇ ဦးပါတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတဂိုဏ်း ဖမ်းဆီးရမိတယ်လို့  ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ဇွန်လ ၁၀ ရက် သ တင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဘန်ကောက်ခရိုင် နောင်ကျောက်နယ်မြေ လမ်းဖတ်ချီရပ်ကွက် အဆင့်မြင့်အိမ်ရာထဲမှာ မသင်္ကာ ဖွယ် နိုင်ငံခြားသားတစု ဝင်ရောက်နေထိုင်နေကြောင်း ပြည်သူတွေက ရဲတပ်ဖွဲ့ အရေးပေါ်လိုင်း ၁၉၁ ကို အကြောင်းကြားတာကြောင့် နယ်မြေခံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့မှ ရဲမှူးကြီး နုပ်ဖဆင် ဖွန်းဆဝပ်က ပြောပါတယ်။ 

သတင်းပေးချက်ရတဲ့ အိမ်ဝင်းထဲမှာ နေအိမ် ၂ လုံးရှိပြီး ဗီယက်နမ်နိုင်ငံသားတွေလာ ရောက်ငှားရမ်းနေထိုင်ကြတယ်၊ ပထမအိမ်ထဲမှာ ၁၈ ဦး၊ ဒုတိယအိမ်ထဲမှာ ၉ ဦး၊ စုစုပေါင်း ၂၇ ဦး (အမျိုးသား ၂၂ ဦး အမျိုးသမီး ၅ ဦး )  ရှိတယ်။ သူတို့ဆီကနေ ကွန်ပျူတာ ၄၅ လုံး၊ တယ်လီဖုန်း ၁၁၆ လုံးနဲ့ ခေတမင်း မူးယစ်ဆေး ၅ ဂရမ် သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ သူတို့ဟာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့က ဖြစ်ပြီး ကမ္ဘောဒီးယားနယ်စပ် ဆလာကယောက်ခရိုင် ခလောင်းလိုတ်ဂိတ်ကနေ အလည်အပတ်ဗီဇာနဲ့ ဝင်လာကြတာလို့ ဆိုပါတယ်။ 

ငှားရမ်းထားတဲ့ နေအိမ်မှာ နေထိုင်ပြီး ဗီယက်နမ်နိုင်ငံသား အချင်းချင်းပေါ် ငွေလိမ်တဲ့လုပ်ငန်းကို လုပ်ကိုင်ကြတယ်၊ ရုပ်ရည်သန့်ပြန့် ချောမောသူတွေရဲ့ ဓာတ်ပုံကို အသုံးပြုပြီး  မြေကွက်ဝယ်ချင်၊ နေအိမ် ဝယ်ချင်တယ်လို့ ကြော်ငြာကာ သားကောင်ကို အယုံသွင်းတယ်။ ချစ်သူအယောင်ဆောင်ပြီး ငွေအခက်အခဲရှိကြောင်း သနားစဖွယ်ပြုကာ သားကောင်ကို ငွေလွှဲခိုင်းတယ်။ 

ကွန်ပျူတာ တလုံးကနေ တလကို ဗီယက်နမ်ငွေ သန်းပေါင်း  ၁၂၀၀ ဒေါင် ရရှိတာကြောင့် တနှစ်ဝင်ငွေ သန်းပေါင်း  ၃၆,၀၀၀ ဒေါင်  စုစုပေါင်း ထိုင်းဘတ်ငွေ ၃၆ သန်းခန့် ရရှိတယ်။ 

အဖွဲ့သားထဲမှာ  စကဲင်မာတွေအပြင် ထမင်းဟင်းချက်သမား၊ ကွန်ပျူတာပြင်သမား၊ မီးပြင်သမားတွေဖြစ်ပြီး အားလုံး ဗီယက်နမ်က လာတယ်၊  စကဲင်မာတွေဟာ လစဉ် ဘတ် ၁၂၀၀၀ ခန့် ရရှိပြီး ဘောနပ်စ်က ၂၅,၀၀၀ ရရှိတယ်လို့ ပြောပါတယ်။ 

သူတို့ဟာ အဲဒီနေအိမ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလကစ တလကို ဘတ် ၃၀,၀၀၀၊ ၄၀,၀၀၀ နဲ့ ငှားရမ်းထားတာ ဖြစ်တယ်။ တာဝန်ရှိသူတွေက သူတို့အားလုံးကို ဖမ်းဆီးထားပြီး ဆိုက်ဘာရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ကာ တည်ဆဲဥပဒေနဲ့ ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

Source - POLICETV  /  FM91 Trafficpro

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024