
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဇွန် ၉ ရက် ည ၉ နာရီခွဲဝန်းကျင်မှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတယောက် သေဆုံးကာ ဒဏ်ရာရရှိသူတွေလည်း ရှိသလို လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးကုန်တယ်လို့ Kawlin Revolution (KR Team) ဆီကနေ သိရပါတယ်။
KR Team ရဲ့ တာဝန်ရှိသူတယောက်က “ကောလင်း-ဝန်းသို အစပ်မှာရှိတဲ့ ကံကုန်းရွာနဲ့ ကောလင်းရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဖလဲရွာကိုလည်း တရက်တည်း မိနစ်ပိုင်းခြားပြီးတော့ စစ်တပ်ရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခံလိုက်ရတာပါ။ အဲဒီဖြစ်စဥ်တွေမှာ ပြည်သူအမျိုးသမီး တယောက် သေဆုံးသွားတယ်။ ၄ ယောက်ထက်မနည်းလည်း ဒဏ်ရာရခဲ့ပါတယ်။ လူနေအိမ်တွေလည်း ပျက်စီးကုန်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အဆိုပါကျေးရွာတွေကို လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲချခဲ့တာ ဖြစ်တဲ့အပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ကောလင်းခရိုင် တပ်ရင်း ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကံကုန်းရွာကတော့ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစင်းက ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်သွားတာ ဖြစ်ပါတယ်။ သားအဖ ၂ ယောက် အပြင်းအထန် ဒဏ်ရာရပြီးတော့ သမီးဖြစ်သူကတော့ ဆုံးသွားတယ်။ သူ့အဖေကလည်း ရတဲ့ဒဏ်ရာက ပြင်းလို့ ဆေးကုသပေးနေရတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားရှိတယ်။ ဖလဲရွာကိုတော့ မြစ်ကြောင်းအတိုင်း ပျံလာတဲ့ ဂျက်ဖိုက်တာတစီးက ဗုံး ၃ လုံး ကြဲသွားတာပါ။ အခုရွာတွေကို အကြဲခံလိုက်ရတဲ့ ဗုံးတွေကတော့ Cluster Bomb တွေ မဟုတ်ဘူး။ အဆောက်အအုံတွေ ကြီးကြီးမားမား ပျက်စီးကုန်တာဆိုတော့ ပေါင် ၅၀၀ ဗုံးတွေ ဖြစ်နိုင်တယ်။ အဲဒီရွာထဲက အရပ်သားတွေ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသားတယောက် ဒဏ်ရာရပါတယ်။ အဲဒီ ၃ ယောက်ထဲမှာလည်းပဲ စိုးရိမ်ရတဲ့သူတွေ ပါနေတယ်။ ပျက်သွားတဲ့ အိမ်တွေကတော့ ၆ လုံးပါဗျ။ အခု လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကံကုန်းနဲ့ ဖလဲရွာတွေမှာ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ ဒီတိုင်း ဘလိုင်းကြီး လာကြဲသွားတာပါ” လို့ DVB ကို ပြောပါတယ်။
အခုနှစ် မေလဆန်းပိုင်းတုန်းက ကောလင်းအနောက်ခြမ်းမှာရှိတဲ့ ရွာတွေကိုလည်း တိုက်ပွဲဖြစ်တာ မရှိဘဲနဲ့ စစ်တပ်က လေယာဥ်နဲ့ Cluster Bomb တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သေးလို့ ပေါက်ကွဲပြီးသား အဆိုပါဗုံးခွံတွေကို သိမ်းဆည်းရရှိခဲ့သေးတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ကောလင်းမြို့ကို မြို့ပေါ်သာ ထိန်းချုပ်ထားနိုင်ပြီး ကောလင်းမြို့နယ်ထဲက ကျေးရွာအများစုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားတဲ့အတွက် စစ်ကောင်စီတပ်ဟာ ကောလင်းမြို့နယ်ထဲက ကျေးရွာတွေကို ဆက်တိုက်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့လည်း ကောလင်း အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။