DVB Logo
Home
နိုင်ငံတကာ
သြစတြီးယား အလယ်တန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပြီး အနည်းဆုံး ၉ ဦးသေဆုံး
DVB
·
June 11, 2025
သြစတြီးယား အလယ်တန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပြီး အနည်းဆုံး ၉ ဦးသေဆုံး
Donate to DVB

သြစတြီးယားနိုင်ငံတောင်ပိုင်း ဂရက်ဇ်မြို့မှာ ဇွန် ၁၀ ရက်က အလယ်တန်းကျောင်း တကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၉ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂရက်ဇ်မြို့တော်ဝန် အယ်လ်ကဲခါးက ပြောပါတယ်။

အလွန်ဆိုးရွားတဲ့ အဖြစ်ဆိုးတခုပဲလို့ မြို့တော်ဝန်က ခေါ်ဆိုခဲ့တဲ့ ပစ်ခတ်မှုအပြီးမှာ ဒဏ်ရာရသူ အများအပြားကို ဆေးရုံပို့ဆောင်ခဲ့ကြောင်း သြစတြီးယားသတင်းဌာန APA က မြို့တော်ဝန် အယ်လ်ကဲခါးကို ကိုးကား ထုတ်ပြန်ပါတယ်။

ခရိုးနန် ဆိုက်တွန် သတင်းစာမှာတော့ သေဆုံးသူ အနည်းဆုံး ၈ ယောက်ရှိပြီး ဒဏ်ရာအပြင်းအထန်ရသူ အနည်းဆုံး ၁၀ ယောက်ရှိကြောင်း ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့ကတော့ သေဆုံးသူ အရေအတွက်ကို အတိအကျမပြောပေမဲ့ လူအများအပြား သေဆုံးတယ်လို့ပဲ ဆိုထားပါတယ်။ ရဲတပ်ဖွဲ့က တိုက်ခိုက်သူ တယောက်တည်းသာ ရှိတယ်လို့လည်း ယူဆထားပါတယ်။

ကျောင်းသားတွေ ဘယ်လောက်သေဆုံးတယ် ဆိုတာကို သတင်းတွေမှာ အတိအကျ မဖော်ပြထားပါဘူး။ လူနာတင်ယာဉ်တွေကတော့ အခင်းဖြစ်ပွားရာ ကျောင်းအပြင်ဘက်မှာ ရှိနေခဲ့ပါတယ်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက နယ်မြေလုံခြုံရေး ချထားကြောင်း ပြောကြားခဲ့ပြီး လူတွေကို ကျောင်းကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကာ သေဆုံးသူတွေရဲ့ ဆွေမျိုးတွေနဲ့ ကျောင်းသားတွေကိုလည်း စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

လူတွေအတွက် နောက်ထပ် အန္တရာယ်မရှိတော့ပေမဲ့ သေဆုံးသူ အများအပြားရှိပါတယ်လို့ သူက သြစတြီးယားရုပ်သံကို ပြောကြားခဲ့ပါတယ်။

ဇားလ်စ်ဘူရ်ဂါ နာ့ခ်ရစ်ရှ်တွန် သတင်းစာမှာတော့ သံသယရှိသူဟာ အသက် ၂၂ နှစ်အရွယ် ကျောင်းသားဟောင်းဖြစ်ပြီး ပစ္စတိုတလက်နဲ့ သေနတ်တလက် ကိုင်ဆောင်ထားတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေကို ကိုးကား ဖော်ပြထားပါတယ်။

ခရိုးနန် ဆိုက်တွန် သတင်းစာက ရေချိုးခန်းထဲမှာ သံသယရှိသူတယောက် သေဆုံးနေကြောင်း ဖော်ပြထားပေမဲ့ ရိုက်တာက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

သြစတြီးယား အဓိပတိ ခရစ္စတီယာနို စတော့ကာက ဒီပစ်ခတ်မှုဟာ “နိုင်ငံတော်ကြေကွဲမှု” ဖြစ်ပြီး သားသမီးတွေကို ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013