
ကွမ်းခြံကုန်းမြို့နယ် တိုက်ကြီးကျေးရွာမှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် တအိမ်ငွေ ၅၀,၀၀၀ ကောက်ခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို စစ်ကောင်စီက ဖမ်းဆီးပြီး ဒီနေ့မှာ ပုဒ်မ ၂၅ နဲ့ အမှု ဖွင့်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြို့ခံတယောက်က “လူစာထိုးဖို့အတွက် တအိမ် ၅၀,၀၀၀ နဲ့ တလကို သိန်း ၁၀၀ ဒါမှမဟုတ် ၈၀ ကျော် လောက် ကောက်တယ်။ ငွေပေးနေရင်းနဲ့ပဲ စစ်မှုထမ်းရတာ၊ ပေါ်တာဆွဲခံရတာရှိတဲ့အတွက် ရွာကလူတွေ ပေါင်းပြီး တိုင်တာကြာပြီ၊ ၇ ရက်နေ့ကမှ အဖမ်းခံရတာ။ ၈၅ သိန်း ရွာက ယူထားတယ်လို့ သူကိုယ်တိုင်ဝန်ခံထားတယ်၊ အမှုက ဒီနေ့မှ ဖွင့်တာ” လို့ ပြောပါတယ်။
ကွမ်းခြံကုန်းမြို့နယ်၊ တိုက်ကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းကို ကွမ်းခြံကုန်းမြို့ မရဲစခန်းက (ပ) ၂၇/၂ဝ၂၅၊ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ-၂၅ နဲ့ အမှုဖွင့်ထားတယ်လို့ အုပ်ချုပ် ရေးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“လတ်တလော ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးက ပုဒ်မ ၂၅ နဲ့ စစ်နေတယ်။ သူ့နောက်ကွယ်မှာ ထွေအုပ်နဲ့တပ်က ပါမပါတော့ မသိသေးဘူး။”
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်ကလည်း ရွှေဘိုမြို့နယ်မှာ စစ်မှုထမ်းလူစားထိုးဖို့ ငွေကြေးသိန်း ၁၅၀ တောင်းခဲ့တဲ့ ရဲမှူးသန်းဇော်၊ အကြီးတန်းစာရေး ကျော်ခိုင်လတ်နဲ့ အငယ်တန်းစာရေး သူရိန် ညွန့်တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာလည်း ရှိပါတယ်။
စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က စစ်မှုထမ်းရမယ့် ဥပဒေကိုထုတ်ပြန်ခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်သင်တန်းပေးခဲ့ရာ အခုဆို အပတ်စဥ် ၁၃ အထိ ရောက်လာပြီ ဖြစ်ပါတယ်။