
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ တိုက်ခိုက်ရေးလေယာဉ် (ဂျက်ဖိုက်တာ) တစင်း ဇွန် ၁၀ ရက် ဒီနေ့ လေ့ကျင့်ပျံသန်းနေတုန်း စက်ချို့ယွင်းပြီး ပျက်ကျမီးလောင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
အဲဒီတိုက်ခိုက်လေယာဉ်ဟာ ရုတ်တရက် စက်ချို့ယွင်းလို့ပျက်ကျမီးလောင်ခဲ့ပြီး အဲဒီနေရာတဝိုက်ကို စစ်တပ်တာဝန်ရှိသူတွေသွားရောက်နေတယ်လို့ စစ်တပ်က ထုတ်ပြန်ပေမဲ့ တကယ်တမ်းမှာတော့ တော်လှန်ရေးတပ်တွေကပဲ လေယာဉ်အနီးတဝိုက်ရှိနေသလို မောင်းနှင်လာသူ ပိုင်းလော့လည်း သေဆုံးခဲ့ပြီလို့ ပြောဆိုနေတာကို ထုတ်ပြန်လာတဲ့ ရုပ်သံတွေမှာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့ မနက်ပိုင်းကတည်းက ပုလဲမြို့နယ်က ကန့်ဒေါင့်စခန်းနဲ့ ဇီးဖြူကုန်း ပျူစောထီးစခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေတာလို့ သိရပါတယ်။
တိုက်ပွဲအတွင်း ဇီးဖြူကုန်းပျူစခန်းနားကို ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံးလာကြဲတာကို ဒီနေ့ MOD တပ်ရင်းတပ်ဖွဲ့တွေနဲ့ PLA ရဲဘော်တွေက ပွိုင့်ဖိုက်စက်သေနတ်ကြီးတွေနဲ့ ၂ နေရာခွဲပစ်ခတ်ခဲ့လို့ ဒုတိယ ဂျက်ဖိုက်တာကိုထိမှန်ပြီး ဇီးဖြူကုန်းကျေးရွာ အရှေ့တောင်ဘက် ၃ မိုင်အကွာ ကျေးရွာက ဘုန်းကြီးကျောင်းထဲကို ပျက်ကျသွားခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်ရဟတ်ယာဉ်တစင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့တာလည်း စက်ချို့ယွင်းတဲ့အတွက် ရဟတ်ယာဉ်ပျက်ကျခဲ့ရတာလို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
Photo-PLA