
၂၀၂၅ ခုနှစ် ဇွန် ၁၉ ရက်နေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် ၈၀ ပြည့် မွေးနေ့ဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ တိုင်းပြည်အနာဂတ်အတွက် အရေးပါဆုံး လုပ်ငန်းစဉ်တခုအဖြစ် ခံယူတဲ့အတွက် လေးစားချစ်မြတ်နိုးသူတွေအနေနဲ့ အချက် ၂ ချက်ကို ပါဝင်ဆောင်ရွက်ကြပါဖို့ ဒီကနေ့ ဇွန် ၁၀ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
ပထမတချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် ၈၀ ပြည့် မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက် မနက် ၈ နာရီတိတိမှာ နေအိမ်တွင်း (ဒါမှမဟုတ်) ရောက်ရှိရာ အဆောက်အဦအတွင်းမှာ ကိုးကွယ်ယုံကြည်ရာ ဓလေ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ကို ဆန္ဒပြုပြီး ၈ မိနစ်ကြာ ဆုတောင်းမေတ္တာပို့သပေးရမှာ ဖြစ်ပါတယ်။
ဒုတိယတချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Mr. Kim (ခ) ဦးထိန်လင်း ဦးဆောင်တဲ့ မွေးနေ့ဆုတောင်း စကားပြောတဲ့အစီအစဉ် “Happy Birthday SUU Video Challenge” မှာ ပါတီဝင် လူထုတရပ်လုံးနဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အပြည့်အဝ ပူးပေါင်းပါဝင်ပေးကြဖို့ စတဲ့ အချက် ၂ ချက်ကို လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောဆိုထားပါတယ်။
ကေခိုင်