
မတရားအကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ တိုင်းပြည်အနာဂတ်အတွက် အရေးပါဆုံးသော လုပ်ငန်းစဉ်တခုအဖြစ် ခံယူတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒီကနေ့ ၁၀ ရက်နေ့မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံမှုနဲ့ ပြည်သူ့ဆန္ဒမဲ အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကန့်အသတ်တွေ ကြားကနေ ပြည်သူလူထု ထောက်ခံပါဝင်မှု မြင့်မားစွာနဲ့ တိုင်းပြည်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အပြည့်အဝရရှိခဲ့ပြီး မဲဆန္ဒရှင် ပြည်သူလူထုရဲ့ ၈၂ ရာခိုင်နှုန်းကျော်သော ဆန္ဒမဲနဲ့ ဆက်လက်တာဝန်ပေးအပ်တာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း ကိုယ်ကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ်ကို ထူထောင်လိုတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေမဲ့ အာဏာသိမ်းကာ ရွေးကောက်ပွဲအနိုင်ရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားတာ ဒီကနေ့ဆိုရင် ရက်ပေါင်း ၁,၅၉၀ ရက်တိတိ ရှိပြီလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်လာဖို့ နိုင်ငံရေးနည်းလမ်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် စစ်အာဏာရှင်တွေရဲ့ ဥပဒေမဲ့ မတရားဖမ်းဆီး အကျဉ်းကျခံခဲ့ရတာဟာ ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်ကနေ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်အထိ ကာလအတွင်း ၁၅ နှစ် ၄ လလောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကမ္ဘာကျော် ဒီပဲယင်းအရေးအခင်းလို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုတွေလည်း အကြိမ်ကြိမ် ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကေခိုင်