
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲမှာ တိမ်းရှောင်နေကြတဲ့ ကျောင်းနေအရွယ် စစ်ရှောင်ကလေး ၃၀၀ နီးပါးအတွက် ကျောင်းသုံးပစ္စည်းတွေ လိုအပ်နေပါတယ်။
ဖားကန့်သွားလမ်းပေါ်က တိုက်ပွဲတွေကြောင့် နန့်ယား၊ ကပ်မှော်၊ နမ့်တိန်၊ လုန်ဘရာ၊ ဆွတ်ကြိုင်၊ ဆိုင်းဖရာ၊ ဆွတ်အောင် စတဲ့ကျေးရွာတွေကနေ ဖားကန့်မြို့နဲ့ အနီးတဝိုက်ကို တိမ်းရှောင်လာတဲ့ စစ်ရှောင်ဦးရေ ၁၄၀၀ ကျော် အထိရှိနေတယ်လို KBC က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
အဲဒီထဲက ကျောင်းနေအရွယ် စစ်ရှောင်ကလေး ၃၀၀ နီးပါးရှိပြီး ကျောင်းသုံးစာအုပ်၊ လွတ်အိတ်၊ ဖိနပ်က အစ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတယောက် ပြောပါတယ်။
“ပညာသင်ကြားရမယ့် အရွယ်တွေက စစ်ရှောင်လူဦးရေထဲမှာ ၃ ပုံ ၁ ပုံက ကျောင်းတက်ရမယ့် အရွယ်တွေ။ ဖားကန့်မြို့နယ်ထဲ တိမ်းရှောင်တဲ့ စစ်ရှောင်ဦးရေထဲမှာ ၃၀၀ ထက်မနည်းတော့ ရှိမယ်။ ကလေးတွေ လိုအပ်တာကတော့ ကျောင်းတက်ဖို့ လိုအပ်တာတွေပေါ့။ ကျောင်းသုံးစာအုပ်နဲ့ ပစ္စည်းတွေပေါ့။ လွယ်အိတ်၊ ဖိနပ်က အစ ထီး တို့ လိုအပ်တာပေါ့။ ထွက်ပြေးတိမ်းရှောင်ကြတုန်းက တချို့က ကလေးမိဘတွေက တောတောင်ယာခင်းတွေထဲ တိမ်းရှောင်နေတဲ့အထဲ ကျန်ခဲ့တယ်။ အဲဒီလိုဆိုတော့ သူတို့က ကလေးတွေ ကျောင်းထားဖို့ကို ဆုံးဖြတ်ရ ခက်နေတယ်ပေါ့။ ဒီမှာက ဆက်ပြီးကြာအုံးမှာလား။ ပြန်ဖို့ကရော အချိန်ဘယ်လောက်ထိ ကြာအုံးမလဲ မသိကြတော့ ကလေးတွေ ပညာရေးကလည်း မပြတ်စေချင်။ ဒါပေမဲ့ အခြေအနေက ဘယ်လိုမှ သေချာပြောနိုင်တဲ့ အခြေအနေမဟုတ်တော့ ဆုံးဖြတ်ရ ခက်နေကြတာ ဖြစ်မယ်။ အခုတော့ နာမည်စာရင်းကောက်တာပဲ စတင်လက်ခံနေပြီ”လို့ ပြောပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ၂၀၁၁ ခုနှစ်ကစပြီး အခြေခံပညာရေး စတင်ခဲ့ပြီး ၁၂တန်းအထိ ပညာသင်ကြားပေးနေတာ ဖြစ်ပါတယ်။
စစ်ရှောင်အားလုံးကတော့ ဘုရားကျောင်းက သင်ကြားပေးမယ့် စာသင်ကျောင်းအတွက်ပဲ စာရင်းပေးသွင်းထားပြီး လက်ရှိမှာတော့ နာမည်စာရင်း စတင်လက်ခံနေပြီလို့ KBC နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“စစ်ရှောင်တွေကတော့ အခု ဖားကန့်မြို့နယ်မှာက ဘုရားကျောင်းကနေ ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ တက်ရောက်နိုင်ဖို့ နာမည်စာရင်း စတင်ကောက်ယူနေပြီ ဖြစ်တယ်။ အားလုံးက ဘုရားကျောင်းက ဖွင့်လှစ်ထားတဲ့ ပညာသင်ကျောင်းမှာပဲ စာရင်းသွင်းကြတာပေါ့။ ဘုရားကျောင်းကိုပဲ အမှီပြုနေရတော့ ဘုရားကျောင်းက ဖွင့်တဲ့ ကျောင်းမှာပဲ တက်ကြတဲ့ သဘောပေါ့။ ကျောင်းမဖွင့်သေးပေမဲ့ နာမည်စာရင်း လက်ခံတာတော့ စလုပ်နေပြီ။ နောက်တခုက အစိုးရကျောင်းဆက်တက်ဖို့က ထောက်ခံစာကလည်း အရေးကြီးတယ်။ ဘယ်ကျောင်းမှာ တက်ခဲ့လဲ၊ ဘယ်အတန်း တက်ခဲ့တယ်ဆိုတဲ့ ထောက်ခံစာကလည်း ရယူဖို့ ခက်ခဲတယ်လေ။ အဲဒါကြောင့် ဘုရားကျောင်းက ဖွင့်တဲ့ကျောင်းမှာပဲ တက်နိုင်ဖို့ ပြင်ဆင်ကြတာပေါ့။”
ဖားကန့်သွားလမ်းပေါ်က လဝါးနဲ့ နန့်ယားကျေးရွာအနီးတဝှိက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်လာတာကြောင့် ဖားကန့်လမ်းမတလျှောက်မှာရှိတဲ့ လဝါး၊ နန့်ယား၊ ကပ်မှော်၊ ဆိုင်းဖရာ၊ နမ်တိန်၊ လုန်ဘရာ၊ ခွန်ဆိုင်ဇွပ်နဲ့ စဘော့တို့က စစ်ဘေးတိမ်းရှောင်တဲ့ ဒေသခံ ၂၅,၀၀ကျော်အထိ ရှိနေတာပါ။
နီးစပ်ရာ တောတောင်ယာခင်းတွေထဲ တိမ်းရှောင်နေတဲ့ စစ်ရှောင် ၁,၀၀၀ ကျော်ကျန်နေသေးပြီး လုံခြုံတဲ့နေရာ အမြန်ဆုံးရောက်နိုင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေဆီက သိရပါတယ်။
ဖားကန့်ဒေသက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ KPDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေတွေပြန်ရဖို့ စစ်ကောင်စီတပ်က ဧပြီ ၂၃ ရက်ကစပြီး ကားမိုင်း၊ အင်းတော်ကြီးဒေသကနေ ဖားကန့်ဘက်ကို အင်အားထောင်ချီနဲ့ ထိုးစစ်ဆင်ခဲ့တာကြောင့် ဖားကန့်သွားလမ်းက ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။
ဟန်န