DVB Logo
Home
နိုင်ငံတကာ
ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးကို ဖမ်းရန် ထရမ့်ပ် ထောက်ခံ၊ မရိန်းတပ်များ ချထား
DVB
·
June 10, 2025
ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးကို ဖမ်းရန် ထရမ့်ပ် ထောက်ခံ၊ မရိန်းတပ်များ ချထား
Donate to DVB

လော့စ်အင်ဂျလိစ်မြို့မှာ နောက်ထပ် အမျိုးသားအစောင့်တပ်ဖွဲ့တွေ မရောက်လာမချင်း အမေရိကန်စစ်တပ်က မရိန်းတပ်သား ၇၀၀ ယာယီချထားသွားမှာဖြစ်သလို ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးကို ဖမ်းဖို့ကိစ္စကိုလည်း ထောက်ခံတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

အမျိုးသားအစောင့်တပ်ဖွဲ့ အရေအတွက်ကိုလည်း ၂,၀၀၀ ကနေ ၄,၀၀၀ အထိ တိုးမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အင်ဂျလိစ်မြို့မှာ ထရမ့်ပ်အစိုးရရဲ့ ရွှေ့ပြောင်းဖမ်းဆီးမှုကို  ဟန့်တားတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဇမ်းကို ဖမ်းသင့်တယ်ဆိုတဲ့ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး တွမ်ဟော်မန်ရဲ့ မှတ်ချက်ကို ထောက်ခံကြောင်း ထရမ့်ပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျုပ်သာ တွမ် နေရာမှာဆိုရင် လုပ်မှာပဲ။ ဒါက တကယ်ကောင်းတဲ့ကိစ္စလို့ ထင်ပါတယ်” လို့ ထရမ့်ပ်က သတင်းထောက်တွေကို ဖြေကြားခဲ့တာပါ။

အထောက်အထားမဲ့ ရွှေ့ပြောင်းဖမ်းဆီးမှုကနေ ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေကို အင်အားသုံး နှိမ်နင်းဖို့ ဗဟိုအစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ပြည်နယ်အစိုးရနဲ့ ပြဿနာဖြစ်နေတာဖြစ်ပါတယ်။

ဆန္ဒပြမှုတွေကို နှိမ်နင်းဖို့အတွက် စစ်တပ် တပ်စွဲခိုင်းတဲ့ ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အာဏာအလွဲသုံးရာရောက်တယ်လို့ ဒီမိုကရက်တွေက ဝေဖန်ထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အစိုးရကလည်း ပြည်ထောင်စုအစိုးရကို တရားစွဲထားပါတယ်။

၄ ရက်ကြာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့အပြီးမှာ ထရမ့်ပ်က မရိန်းတပ်ဖွဲ့ကိုပါ ချထားဖို့ ကြေညာခဲ့တာပါ။

ဇွန် ၉ ရက် နှောင်းပိုင်းမှာ လော့စ်အင်ဂျလိစ်မြို့လယ်ကောင် ရွှေ့ပြောင်းတွေ ထိန်းသိမ်းထားတဲ့ စခန်းရှေ့က ဆန္ဒပြသူ ရာနဲ့ချီပြီး ရဲတပ်ဖွဲ့က ဖယ်ရှားခဲ့ပါတယ်။

စစ်သားတွေ အရပ်ဘက် ဥပဒေစိုးမိုးရေးမှာ တိုက်ရိုက်ပါဝင်နိုင်တဲ့ ပုန်ကန်မှုဆိုင်ရာ အက်ဥပဒေကိုတော့ ထရမ့်ပ်က သုံးစွဲခြင်းမရှိသေးဘဲ သမ္မတအာဏာရ မရိန်းတပ်ကို ယာယီထုတ်သုံးနေတာ ဖြစ်ပါတယ်။

ဒီဥပဒေအရ ရဲလုပ်ငန်းမှာ စစ်တပ်ကို သုံးစွဲခဲ့တဲ့ နောက်ဆုံးအကြိမ်ဟာ ၁၉၉၂ ခုနှစ်က ဖြစ်ပါတယ်။

အဲဒီတုန်းကတော့  ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက သမ္မတ ဂျော့ချ် အိပ်ချ် ဒဗလျူဘုရှ် (ဘုရှ်အကြီး) ကို အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။

လူမည်းဆိုင်ကယ်သမားကို ဝိုင်းရိုက်တဲ့ ရဲတွေ အပစ်လွတ်တဲ့ကိစ္စ ဆန္ဒပြရာကနေ ဆူပူမှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းက လူ ၅၀ ကျော် သေဆုံးပြီး ၆ ရက်အတွင်း ဒေါ်လာ ၁ ဘီလီယံလောက် ဆုံးရှုံးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013