Home
ရုပ်သံ
နေအိမ်စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲ၊ ကလေး ၃ ဦး အပါအဝင် ၅ ဦး သေဆုံး
DVB
·
June 10, 2025

မွန်-ကရင် နယ်စပ် ကော့ကရိတ်မြို့နယ် ပန်ရပ်​ကျေးရွာ နေအိမ်စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် ၃ ယောက်အပါအဝင် ၅ ယောက်သေဆုံးပြီး ၂၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  ရပ်မိရပ်ဖတွေက ပြောပါတယ်။

ဇွန် ၉ ရက်နေ့ မွန်လွဲ ၂ နာရီလောက်က မွန်-ကရင် နယ်စပ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပန်ရပ်​ကျေးရွာက ကလေးတွေကို စာသင်ကြားပေးနေတဲ့ နေအိမ်စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသား ကလေးငယ် ၃ ယောက်အပါအဝင် ဆရာမ ၁ ယောက်နဲ့ လူကြီး ၁ ယောက်ပါ သေဆုံးခဲ့တဲ့အပြင် ၂၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ရပ်မိရပ်ဖတယောက်က “စာသင်တာ အရင် စာသင်ကျောင်းမှာ သင်တယ်။ စာသင်ကျောင်းမှာ သင်တော့ အန္တရာယ်များတယ်ဆိုပြီး ရွာထဲမှာ အိမ်တွေ ငှားပြီး သင်တယ်။ ရွာထဲ အိမ်ငှားပြီးတော့ လမ်းကလည်း ကွန်ကရစ်လမ်းဆိုတော့ ဗုံးသီးက တည့်တည့်ကျပြီး အစတွေလွင့်တာ။  ကျနော်ထင်တာကတော့ သတင်းပေးရှိနေလို့  ဖြစ်မယ်၊ ဒီတိုင်းက တော်ရုံမလွယ်ဘူး။  ကျနော်တို့ ကျောင်းရွှေ့တာက မနက်ပိုင်းပဲ ရွှေ့တယ်လေ။ စာလည်း နည်းနည်းပဲ သင်ရသေးတယ်။ အဲမှာ ထိသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ဒေသခံတွေ အထိတ်တလန့်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာလို့ စစ်ရှောင်အရေးကူညီပေးနေသူတယောက်က ပြောပါတယ်။

“သူတို့(စစ်ကောင်စီ)က ရွာတွေက ရိက္ခာပေးနေတယ်ဆိုပြီး  ရွာက အထိတ်တလန့်ဖြစ်ပြီး အဲဒီကနေရလာတဲ့ ရိက္ခာက အထောက်အပံ့မရှိတော့ဘူး။ အဲလိုမြင်တယ်။ နောက်တခုက သူတို့ အုပ်ချုပ်နယ်မြေမဟုတ်တဲ့ နေရာဒေသအားလုံးက သူပုန်နယ်မြေဆိုပြီးတော့ သူတို့ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေကို မရတဲ့အခါကျတော့ အဲဒီအရပ်သားပြည်သူကို ဦးတည်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ။ သူတို့ သားသမီးတွေ ရှိမယ် ဘာညာ ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့တိုက်ခိုက်တဲ့ ပုစံ။”

စစ်ကောင်စီက လေကြောင်းကနေ စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မွန်-ကရင် နယ်စပ် ဂျိုင်းမြစ်၊ ဟောင်သရောမြစ်၊ ကော့ခိုက်ချောင်းတောက်လျှောက်က ကျေးရွာတွေနဲ့ စာသင်ကျောင်းတွေပါ စိုးရိမ်ရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။ 

လက်ရှိမှာလည်း ကျုံဒိုး- ကော့ကရိတ်လမ်းပိုင်းတလျှောက်နဲ့ အနီးအနားက ကျေးရွာတွေမှာ စစ်ကောင်စီ တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ 

ကော့ကရိတ်မြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကောင်စီက မြေပြင်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ ဒါ့အပြင် ကျုံဒိုးမြို့အနီးမှာ စစ်ကောင်စီက မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကျေးရွာတွေကိုပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024