
ဧရာဝတီတိုင်းထဲမှာ စစ်မှုထမ်းတပ်သားအဖြစ် ဖိအားပေးစုဆောင်းခံရပြီး စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းဆင်းခဲ့တဲ့ တပ်သားသစ် ၂၀၀ ကျော်ကို မန္တလေးတိုင်းဘက် ပို့နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုရှိနေတဲ့ မန္တလေးတိုင်းဘက်ကို ဧရာဝတီတိုင်းထဲက စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းဆင်း တပ်သားသစ် အယောက် ၂၀၀ ကျော်ကို ဇွန် ၉ ရက်က စပို့နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “လက်ရှိတော့ မန္တလေးဘက် ပို့နေတာဟုတ်တယ်။ မန္တလေးဘက်က တပ်တွေဆီရောက်မှ ထပ်ခွဲချမယ်လို့ ကြားတယ်။ သင်တန်းဆင်းတာက သောကြာနေ့ကတည်းက၊ လမ်းကြောင်း လုံခြုံရေးကြောင့် ချက်ချင်းပို့မယ့် အစီအစဉ် ပျက်သွားတာ” လို့ ပြောပါတယ်။
မန္တလေးတိုင်းဘက် အပို့ခံရတဲ့ စစ်မှုထမ်းတပ်သားသစ် အယောက် ၂၀၀ ကျော်ကို စစ်ကောင်စီ စစ်သင်တန်းကျောင်းတွေက ယူနီဖောင်းအပို ၂ စုံသာပေးပြီး စစ်ကား ၁၆ စီး နဲ့ ကား ၁ စီးကို လက်နက်ကိုင်ထားတဲ့ လုံခြုံရေးတာဝန်ရှိသူ ၂ ယောက်ထားကာ ပို့နေတာလို ဆိုပါတယ်။
ဓနုဖြူမြို့ခံတယောက်က “စစ်မှုထမ်းရတဲ့ လူငယ်အများစုက ဆန္ဒမပါသူတွေပါ။ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီ တပ်ပေါင်း စုဆောင်ခဲ့တာ။ ပေါ်တာဆွဲခံရတဲ့ လူငယ်တွေလည်းပါတယ်။ ကလေးတွေကို သင်တန်းဆင်းတဲ့နေ့အထိ ဖုန်းပေးမကိုင်သေးပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ငလျင်ဘေး ပြန်လည်ထူထောင်ရေး အကြောင်းပြကာ စစ်ရေးလှုပ်ရှားတာတွေကို ဇွန်လကုန်အထိ ရပ်တန့်ကြောင်း ကြေညာချက်ထုတ်ထားပေမဲ့ လက်ရှိ စစ်မှုထမ်း အပတ်စဉ် ၁၁ ဆင်းတပ်သားသစ်တွေကို မန္တလေးတိုင်းဘက် ပို့တာဟာ မတ္တရားမြို့နယ်အတွက် စစ်ရေးပြင်ဆင်နေတာလို့ နိုင်ငံရေး၊ စစ်ရေးအကဲခက်တွေက ဆိုပါတယ်။