DVB Logo
Home
နိုင်ငံတကာ
ထိုင်းဗဟိုအိမ်ထောင်စုစာရင်းတွင် တရားမဝင်ထည့်ထားသည့် နိုင်ငံခြားသားအမည် ၂ သန်းကျော်ရှိ 
DVB
·
September 15, 2026
Photo: Thairath News  
Photo: Thairath News  
Donate to DVB

ထိုင်းနိုင်ငံရဲ့ ဗဟိုအိမ်ထောင်စုစာရင်းထဲမှာ တရားမဝင်ထည့်သွင်းထားတဲ့ နိုင်ငံခြားသားတွေရဲ့ အမည်စာရင်း  ၂ သန်းမှ ၃ သန်းထိ ရှိနိုင်တယ်လို့  ထိုင်းလွှတ်တော်အမတ်တယောက်က လွှတ်တော် အစည်းအဝေးမှာ တင်ပြပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက် ထိုင်းလွှတ်တော်အစည်းအဝေးရဲ့ ဘတ်ဂျက်သုံးစွဲမှုဆိုင်ရာ ဥပဒေ မူကြမ်း ပုဒ်မ ၂၀ အုပ်ချုပ်ရေးဦးစီးဌာန အပိုင်း ၃ ပါ နိုင်ငံခြားသားအလုပ်သမားနဲ့ လူကုန်ကူးမှု ပြဿနာဖြေရှင်းရေး မဟာဗျူဟာစီမံကိန်းနဲ့ ပတ်သက်ပြီး  ဆေတကစ်ပါတီ (စီးပွားရေးပါတီ) လွှတ်တော်အမတ် နိုင်းဖီရဖွန်း ကနုတ်ဝလိုင်းက အထက်ပါအချက်ကို တင်ပြခဲ့တာပါ။ 

တရားမဝင် အမည်စာရင်းမြောက်မြားစွာ ဝင်ရောက်နေတာဟာ နောင်အနာဂတ်မှာ နိုင်ငံရဲ့လုံခြုံရေး ကို ထိပါးနိုင်တာကြောင့် ပြဿနာကို ထိရောက်စွာနှိမ်နင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ တရားဝင်အနေနဲ့ရော တရားမဝင်အနေနဲ့ပါ ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြား အလုပ်သမားအရေအတွက် ၁၀ သန်းထိ ခုန်တက်သွားပြီဖြစ်ပြီး ဒီထဲမှာ ထိုင်းပြည်သူတွေရဲ့ အ ခွင့်အရေးကို ချိုးဖောက်မှုတွေရှိနေတယ်လို့ လွှတ်တော်အမတ်က ပြောပါတယ်။ 

ပြီးခဲ့တဲ့လပိုင်းက ဘန်ကောက် ဒင်ဒဲန်နယ်မြေထဲမှာ ပန်းရောင်ကတ်အတု ဖော်ထုတ်တွေ့ရှိတဲ့နောက် ထိုင်းနိုင်ငံသားတွေရဲ့ အိမ်ထောင်စုစာရင်းထဲမှာ ပိုင်ရှင်မသိဘဲ နိုင်ငံခြားသားတွေရဲ့ အမည်တွေ ထည့်သွင်းထားတယ်။ ဘန်ကောက် ဒင်ဒဲန်နယ် မြေတခုတည်းတင် အမည်စာရင်း ၂,၀၀၀ ကျော် ရှိတယ်။ ပြဿနာဖြေရှင်းတဲ့အနေနဲ့ မှတ်ပုံတင်ဌာနက အဲဒီအမည်တွေကို ထိုင်းအိမ်ထောင်စု စာရင်းထဲကနေ ဗဟိုအိမ်ထောင်စုစာရင်းထဲ ရွှေ့ပြောင်းထားလိုက်တယ်။  အဲဒီလိုဖြစ်စဉ်ဟာ နယ်မြေ တိုင်းမှာ ဖြစ်နိုင်ခြေရှိတယ်၊ တနိုင်ငံလုံးအတိုင်း အတာနဲ့ စစ်ဆေးမယ်ဆိုရင် ၂ သန်းကနေ ၃ သန်းထိ ရှိနိုင်မယ်လို့ ဆိုပါတယ်။

ဒင်ဒဲန်နယ်မြေက ပြဿနာမှာ တလလောက်ကြာပြီ၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အမျိုးသားမှတ်ပုံတင်ဌာနက အဲဒီပြဿနာရဲ့ နောက်ဆက်တွဲ ဆောင်ရွက်မှုတွေ ပွင့်လင်းမြင်သာ မချပြဘူး၊ တနိုင်ငံလုံးကနေ ဗဟိုအိမ်ထောင်စုစာရင်းထဲ ထည့်သွင်းထားတဲ့ နိုင်ငံခြားသားအရေ အတွက်အမှန်ကို အများပြည်သူသိရှိအောင် ဘာကြောင့်မထုတ်ပြန်သလဲလို့လည်း လွှတ်တော် အမတ်က မေးခွန်းထုတ်ခဲ့ပါတယ်။ 

နိုင်ငံခြားရွှေ့ပြောင်းလုပ်သားတွေ အမြောက်အမြားဝင်ရောက်လာပြီး တရားမဝင်အထောက်အထား နဲ့ နေထိုင်တာဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်။ ဒီပြဿနာတွေ ဖြေရှင်းဖို့ နိုင်ငံတော်ဘတ်ဂျက်က ဘတ် ၂၈, ၁၃၇ ,၀၀၀ မျှသာ ခွဲဝေချထားပေးတဲ့အပေါ်လည်း လွှတ်တော် အမတ် နိုင်းဖီရဖွန်း ကနုတ်ဝလိုင်းက ထောက်ပြခဲ့ပါတယ်။ 

“နိုင်ငံခြားသားတွေကတော့ သူတို့အမည်တွေ ဘယ်မှာပဲထည့်ထားပါစေ ဂရုမစိုက်ပါဘူး။ လကမ္ဘာပေါ်ထားထား ဂရုမစိုက်ဘူး။  စာရင်းထဲမှာ သူတို့နာမည်ရှိနေဖို့၊ ပန်းရောင်ကတ်ရှိနေဖို့ပဲ လိုတယ်။ ပန်းရောင်ကတ်နဲ့  အနာဂတ်မှာ နိုင်ငံသားလျှောက်ဖို့ အဓိကဖြစ်တယ်။ အစိုးရအနေနဲ့ ဒီကိစ္စကို ဆက်ပြီးလျစ်လျူရှုထားမယ်၊ ပန်းရောင်ကတ်ကိုင်ဆောင်သူစာရင်းကို သေချာမကောက်ခံဘူး၊ ပြတ်ပြတ်သားသား နှိမ်နင်းမှုမရှိရင် ပြေလည်မှာမဟုတ်ဘူး၊ ဒါဟာ အသေးအမွှားကိစ္စမဟုတ်ဘူး၊ ရေရှည်မှာ ဒီတိုင်းလွှတ်ထားရင် သူတို့ဟာ ကျနော်တို့နိုင်ငံကို သိမ်းပိုက်သွားလိမ့်မယ်။” 

ထိုင်းနိုင်ငံမှာ မွေးဖွားလာတဲ့ နိုင်ငံခြားသားကလေးတွေဟာ အဆိုပါမွေးလက်မှတ်နဲ့ ၇ ဂဏန်း နံပါတ်နဲ့ စတဲ့ မှတ်ပုံတင်နံပါတ်ပါ ပန်း‌ရောင်ကတ်ကို ရရှိမှာဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်ခွင့်၊ ပညာသင်ကြားခွင့်၊ ဘဏ်စာရင်းစာအုပ်ဖွင့်ခွင့်ရှိကာ တချိန်မှာ ထိုင်းနိုင်ငံသား လျှောက်ထားခွင့်ပေမဲ့ ထိုင်းနိုင်ငံသားတွေရဲ့ နေရပ်လိပ်စာ အိမ်ထောင်စုစာရင်းထဲ ဝင်ရမှာဖြစ်တယ်။ 

အိမ်ပိုင်ရှင်တွေကတော့ သူတို့နဲ့ မရင်းနှီးသူတွေကို မိမိအိမ်ထောင်စုစာရင်းထဲ တော်ရုံထည့်သွင်းလေ့ မရှိပါဘူး။  ဒါပေမဲ့ မှတ်ပုံတင်ဌာနက အခကြေးငွေ များစွာယူပြီး လူသူမရှိတဲ့ အိမ်ဟောင်းတွေ၊ အမှန်တကယ်မရှိတဲ့လိပ်စာတွေ၊ တပါးသူရဲ့ အိမ်ထောင်စုထဲ ခွင့်မတောင်းဘဲ အမည်ထည့်ထားတာ ကြောင့် ပြဿနာတွေ တက်နေတာဖြစ်ပါတယ်။ ဗဟိုအိမ်ထောင်စုစာရင်းကတော့ ထိုင်းနိုင်ငံက အိမ်ရာမဲ့ အခြေအနေမဲ့သူတွေအတွက်သာ ဖြစ်ပါတယ်။Source - Economic Party / Thairath News  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013